<div style='background-color: none transparent;'></div>

Home » » ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် အိမ်စီးကားနှင့် မန္တလာမင်း အဝေးပြေးယာဉ်တို့ တိုက်မိပြီး လေးဦးသေဆုံး




ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲက surf အိမ်စီးကား တစ်စီးနှင့် မန္တလာမင်း အဝေးပြေးယာဉ် တစ်စီးတို့ တိုက်မိမှုကြောင့် surf အိမ်စီးကားပေါ်တွင် ပါသော ယာဉ်မောင်းတစ်ဦးနှင့် မိသားစုသုံးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်-မန္တလေး အမြန်လမ်းကြီး မိုင်တိုင်အမှတ် ၂၆၂ မိုင်၊ ၃ ဖာလုံ ပျော်ဘွယ်မြို့နယ်အတွင်း ရန်ကုန်မှ မိတ္ထီလာသို့ မောင်းနှင်နေသည့် surf အိမ်စီးကား (အဖြူရောင်) ယာဉ်ကို ရန်ကုန်-မန္တလေး ပြေးဆွဲနေသော မန္တလာမင်း ခရီးသည်ယာဉ် တစ်စီးက လက်ဝဲဘက်မှ ကျော်တက်စဉ် surf အိမ်စီးကား၏ ဘယ်ဘက်ခြမ်း နောက်ပိုင်းအား ၀င်တိုက်မိကြောင်း သိရသည်။

ယင်းသို့ ၀င်တိုက်မှုကြောင့် surf အိမ်စီးကားမှာ မန္တလာမင်း ခရီးသည်တင်ယာဉ်၏ အရှေ့သို့ ရောက်ရှိသွားခဲ့သဖြင့် ထပ်မံတိုက်ခံရကာ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် surf အိမ်စီးကားတွင် ပါရှိသည့် မိသားစုဝင် သုံးဦးဖြစ်သည့် ဦးညိုဝင်း (၄၅) နှစ်၊ ဒေါ်နီနီစိုး (၄၄) နှစ်၊ မဖြိုးဖြိုးလွင် (၂၈) နှစ်နှင့် ယာဉ်မောင်း အပါအ၀င် စုစုပေါင်း လေးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အတိုက်ခံရသော surf အိမ်စီးကားပေါ်ရှိ မိသားစုဝင်များမှာ မိတ္ထီလာမြို့တွင် ရောက်ရှိနေသူ မိခင်ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူရန်အတွက် ရန်ကုန်သို့ ခေါ်ဆောင်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခင်းဖြစ်ပြီး ကျွန်တော်ရောက်သွားတော့ ပျော်ဘွယ်လေး ရဲစခန်းမှာ စစ်ချက်ယူတယ်၊ ဖြစ်တဲ့နေရာမှာ ကျွန်တော်တို့ဘက်က လေးယောက်လုံး ပွဲချင်းပြီးသေတယ်'' ဟု အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့သူ ကိုဝဏ္ဏက ဆိုသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် သေဆုံးသူ ယာဉ်ပိုင်ရှင် ကိုညွန့်ဝင်း၏ ဇနီးဖြစ်သူက ''ဒါနဲ့ပတ်သက်ပြီးတော့ ပျော်ဘွယ်လေး ရဲစခန်းကတော့ စစ်ချက်ယူထားတယ်၊ အမှုလဲ မဖွင့်ရသေးပါဘူး။ ကားမောင်းတဲ့ ကိုခိုင်မောင်လတ်က ကိုညွန့်ဝင်းရဲ့ သူငယ်ချင်း၊ နောက် ကျွန်မအစ်မနဲ့ အိမ်က ကလေးရယ် အားလုံးလေးယောက်သွားတာ အကုန်ပွဲချင်းပြီးတယ်'' ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမာက ဆိုသည်။

ဇူလိုင် ၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ လယ်ဝေးမြို့ အနီးတွင် အမျိုးသား ဆရာဝန်လေးဦးနှင့် ယာဉ်မောင်း အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသော လန်ခရူဆာ ကားတစ်စီး တံတားတစ်ခုပေါ်မှ အရှိန်လွန်ပြုတ်ကျသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်ပေါ်ပါသူ ဆရာဝန်လေးဦးမှာ ဒေါက်တာအောင်မြင့် ၆၈ နှစ်၊ ဒေါက်တာမြအောင် ၆၇ နှစ်၊ ဒေါက်တာအောင်မြတ်စိုး ၆၁ နှစ်၊ ဒေါက်တာကျော်စိုး ၅၁ နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းမှာ ဦးသန်းဦး ၅၇ နှစ်တို့ ဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် surf အိမ်စီးကားကို တွေ့ရစဉ်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map