<div style='background-color: none transparent;'></div>

Home » » မလေးရှားနိုင်ငံ၌ အခက်အခဲ တွေ့နေ၍ အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး ဆက်လက်ပို့ဆောင်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား

မလေးရှားနိုင်ငံ၌ အခက်အခဲ တွေ့နေ၍ အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး ဆက်လက်ပို့ဆောင်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား


မလေးရှားနိုင်ငံ၌ အခက်အခဲ တွေ့နေပြီး အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး ဆက်လက်ပို့ဆောင်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၉ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လိုသူများကို လက်ရှိနေထိုင်နေသော မလေးရှားနိုင်ငံ၏ ဥပုသ်ကာလ နီးကပ်လာခြင်း၊ မြန်မာနိုင်ငံမှ အလှူရှင်များ၏ လှူဒါန်းမှုအပေါ် မူတည်၍ ဇူလိုင် ၁၀ ရက် နောက်ဆုံးထားပြီး ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အမြန်ဆုံး အသိပေး ဆက်သွယ်ရန် အသိပေးချက်ကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သံအမတ်ကြီး ဦးတင်လတ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (CI) နဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ချင်တဲ့သူတွေကိုတော့ ဆက်ပြီးစီစဉ် ပေးနေပါတယ်။ ဇူလိုင် ၁၀ ရက် နောက်ဆုံးထား အကြောင်းဖို့ဆိုတာက အလှူရှင်တွေရဲ့ အစီအစဉ်နဲ့ အခမဲ့ ပြန်လိုသူတွေအတွက် ရည်ရွယ်တာပါ။ ကျန်တဲ့လူတွေကိုတော့ ဆက်ထုတ်ပေးနေပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။

ဇွန်လဆန်းပိုင်းမှ ဇူလိုင်ပထမပတ် မတိုင်မီ အချိန်အထိ မလေးရှားရှိ မြန်မာသံရုံးသို့ လာရောက်ပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လျှောက်ထားကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ လက်ဗွေနှိပ်ပြီး မြန်မာနိုင်ငံသို့ အခမဲ့ပြန်ရန် လျှောက်ထားသူ အရေအတွက် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

"သီတဂူ ဆရာတော်ကြီး လှူသွားတဲ့ အလှူငွေတွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်တဲ့အခါ တစ်ယောက်ချင်းစီအတွက် ပေးရတဲ့ရင်းဂစ် ၄၀၀ မှာ အသုံးပြုပါတယ်။ အခုချိန်မှာ အလှူရှင်တွေရဲ့ အလှူငွေနဲ့ အခမဲ့ပြန်ဖို့ စာရင်းသွင်းထားတဲ့ လူအရေအတွက်ကိုချိန်ပြီး အခမဲ့ပြန်ချင်တဲ့လူတွေ ဇူလိုင် ၁၀ ရက် နောက်ဆုံးထား ဆက်သွယ်ပေးဖို့ အသိပေးချက် ထုတ်ပြန်တာ ဖြစ်ပါတယ်" ဟု မလေးရှားရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီလုပ်ဆောင် ပေးနေသော အကျိုးဆောင် အဖွဲ့မှ တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ထို့အတူ ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီထားသော လေယာဉ်လက်မှတ် ၁၀၀၀၊ သီတဂူ ဆရာတော်ထံမှတစ်ဆင့် လှူဒါန်းခဲ့သော လေယာဉ်လက်မှတ် ၄၀၀ အပြင် အခြားသော အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းခဲ့သည့် လေယာဉ်လက်မှတ်များကို အရေအတွက် ပြည့်သည်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရသူများ၊ အမှန်တကယ် အခက်အခဲ တွေ့ရသူများ အပါအ၀င် မြန်မာနိုင်ငံသား ၅၀၀၀ ကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ စိစစ်ဖို့ လိုလာပါတယ်။ တချို့က ဒုက္ခရောက်နေတယ် ပြောတယ်။ ပြန်ချင်တယ် ပြောတယ်။ ကျွန်တော်တို့ စီစဉ်ပေးခဲ့ပါတယ်။ CI လျှောက်တယ်။ လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်တယ်။ အဲဒီမှာကုန်တဲ့ ရင်းဂစ် ၄၀၀ ကိုလည်း လှူပေးလိုက်တယ်။ လေယာဉ်လက်မှတ် စီစဉ်ပေးတယ်။ ဒါပေမဲ့ ပြန်တဲ့ရက် ရောက်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး မပြန်ဖြစ်တော့ဘူးလို့ ပြောတဲ့လူတွေ၊ ဆက်နေလိုက်ပြီး ကိုယ့်ဘာသာ လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်မယ်လို့ ပြောတဲ့သူတွေ ရှိလာတဲ့အတွက် တကယ်ဒုက္ခရောက်နေတဲ့လူတွေ နစ်နာရပါတယ်" ဟု မလေးရှားရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုသီဟမောင်မောင်က ပြောကြားသည်။

မလေးရှားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်နှင့် ပြည်တွင်းမီဒီယာများ မလေးရှားနိုင်ငံ၌ ဇွန် ၁၄ ရက်က တွေ့ဆုံနေစဉ်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map