<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာညီအစ်မ ကျန်းမာရေးကောင်းမွန်စွာ မွေးဖွားနိုင်

မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာညီအစ်မ ကျန်းမာရေးကောင်းမွန်စွာ မွေးဖွားနိုင်

မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာညီအစ်မကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၉ ရက်က အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့သည်။ အဆိုပါ ရင်ချင်းဆက်အမြွှာ ညီအစ်မအား ဇူလိုင် ၉ ရက် ည ၇ နာရီက ရန်ကုန်ကလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဌာန(ICU)သို့ ပြောင်းရွှေ့ခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ၄င်းအမြွှာညီအစ်မ၏ ကျန်းမာရေးအခြေ အနေနှင့်ပတ်သက်၍ ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထိုက်အား တွေ့ဆုံမေးမြန်းခဲ့သည်။
မေး ။ ။ ရင်ချင်းဆက် အမြွှာ ညီအစ်မရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ ဘယ်လိုစောင့်ရှောက်မှုတွေ ပေးထားလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ အမြွှာညီအစ်မရဲ့ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ ပေါင်ချိန်ပြည့်တယ်။ နှလုံးသီးခြားစီ ရှိတယ်။ ဆရာမ လေးဦး၊ သူနာပြုတစ်ဦး၊ အလုပ်သမား တစ်ဦး သူတို့အတွက် သီးသန့်တာဝန်ပေးထားတယ်။ သူတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း မွေးကင်းစကတည်းက တွဲဖက်ပါမောက္ခ ဒေါက်တာလှမြတ်နွယ်က ဦးစီးပြီး ကြည့်ရှုပေးပါတယ်။ သူတို့ကို အထူးကြပ်မတ်ကုသဆောင် သီးသန့်ခန်းမှာ ထားရှိပါတယ်။ မွေးကင်းစ ကလေးလည်းဖြစ်တယ်။ ရင်ချင်းဆက်လည်းဖြစ်တော့ ပိုးဝင်လို့ မရဘူး။ တစ်ယောက်ယောက်က ကျန်းမာရေးမကောင်းတော့ရင် အရေးပေါ်ခွဲစိတ် ရနိုင်တယ်။ ဒါကြောင့် ဆရာတို့က သူတို့အတွက် ကျန်းမာအောင်၊ အပြင် ကရောဂါပိုးတွေမဝင်နိုင်အောင် စောင့်ရှောက်ပေးနေပါတယ်။ ဒါကြောင့်မို့ ခုချိန်ထိ သွေးအမျိုးအစားကို မစစ်ဆေးသေးပါဘူး။ ခုချိန်မှာ သွေးစစ်ဆေးမှုပြုလုပ်ရင် သွေးအားနည်းတာ၊ အပ်ကနေတစ်ဆင့် ပိုးဝင် တာတွေဖြစ်နိုင်ခြေရှိလို့ပါ
မေး ။ ။ ဒီကလေးတွေကို ဘယ်အချိန်လောက်မှာ ခွဲစိတ်မယ်လို့ ခန့်မှန်း ပါသလဲ။ ကလေးတွေနဲ့ရော တွေ့ဆုံခွင့်ရနိုင်ပြီလား။
ဖြေ ။ ။ ဒါကတော့ ဆရာတို့ ရက်အတိအကျပြောလို့မရဘူး။ ဒါပေမယ့် ကလေးအသက် တစ်နှစ်ခွဲလောက်မှာ ခွဲမယ်လို့ခန့်မှန်းထား
ပါတယ်။ တွေ့ခွင့်မပြုသေးပါဘူး။ အခုလက်ရှိမှာ ဒီကလေးတွေကို ရောဂါ ပိုးကူးစက်မှုမှ ကာကွယ်တဲ့အနေနဲ့ လူအဝင်အထွက်ကို တားမြစ်ထား ပါတယ်။
မေး ။ ။ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ထား ပါသလဲ။
ဖြေ ။ ။ ဆရာတို့နိုင်ငံမှာ ရင်ချင်းဆက်သာမကဘဲ တင်ပါးဆုံအရိုး ကွင်းဆက်၊ တင်ချင်းဆက်အမြွှာတွေကို ပြည်တွင်းကကျွမ်းကျင်တဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေနဲ့ အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့ တယ်။ ရင်ချင်းဆက်အမြွှာဆိုရင် ငါးကြိမ်တိုင်တိုင် အောင်မြင်စွာခွဲစိတ် ပေးနိုင်ခဲ့တယ်။ ဆရာတို့ ဒီလိုခွဲစိတ်ကုသခဲ့တဲ့ အတွေ့အကြုံတွေကို နိုင်ငံရပ်ခြားမှာ စာတမ်းဖတ်ပွဲတွေ၊ အတွေ့အကြုံဖလှယ်မှုတွေပြုလုပ်ပေး ခဲ့ပါတယ်။ အခု ရင်ချင်းဆက်အမြွှာညီအစ်မနှစ်ဦးကို အသက်တစ်နှစ်ခွဲမှာ ပါမောက္ခ ဒေါက်တာဦးထူးဟန်နဲ့အဖွဲ့က ခွဲမှာဖြစ်တယ်။ မခွဲစိတ်ခင်မှာ ဒီကလေးတွေဟာ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေ မျှသုံးနေတယ်၊ ဘယ်အစိတ်အပိုင်းတွေက သီးခြားသုံးနေတယ်ဆိုတာကို စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ခွဲစိတ်ဆောင်မှာ သူတို့အတွက် သီးခြားအခန်းတစ်ခန်း လုပ်ပေးရပါမယ်။ ခွဲပြီးတော့လည်း ဒီကလေးတွေကို အိမ်ပြန်ရောက်လို့ ဘာမှမဖြစ်နိုင်တော့ဘူး စိတ်ချရပြီဆိုတော့မှ ဆရာတို့က ပြန်လွှတ်မှာပါ။
မေး ။ ။ ခွဲစိတ်ကုသဖို့အတွက် ခန့်မှန်းခြေ ဘယ်လောက်ကုန်ကျနိုင် သလဲ။ ကလေးမိဘတွေအနေနဲ့ အကုန်ကျခံရမှာပါလား။
ဖြေ ။ ။ ဒါမျိုးက ထူးခြားတဲ့ဖြစ်စဉ်ထဲမှာပါတော့ မွေးဖွားချိန်ကစပြီး ခွဲစိတ်ကုသမှုပြီးတဲ့အချိန်အထိ ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်က အကုန်ကျခံပေးသွားမှာပါ။ ခန့်မှန်းခြေ သိန်း ၂ဝဝ လောက်ရှိပါမယ်။ ဆရာတို့အရင်ခွဲစိတ်ပေးခဲ့တဲ့ ကလေးတွေအတိုင်း ဒီကလေးတွေကို မခွဲခင်ရော၊ ခွဲနေတုန်းရော၊ ခွဲစိတ်ပြီးသွားလို့ ကျန်းမာရေးစိတ်ချရပြီး အိမ်ပြန်နိုင်တဲ့အချိန်အထိ တာဝန်ယူပေးသွားမှာပါ။ ဒီကလေးတွေ နောင်ရေးအတွက် ထောက်ပံ့ချင်တဲ့ စေတနာရှင်တွေရှိလာရင်လည်း ဆရာတို့အနေနဲ့ သက်ဆိုင်ရာ တာဝန်ခံတွေနဲ့ စနစ်တကျ လက်ခံထိန်းသိမ်း ပေးမှာပါ။ ဒီလိုထိန်းသိမ်းပေးရတာကလည်း ကလေးတွေနောင်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့နဲ့ အလဟဿမဖြစ်အောင်လို့ပါ။
မေး ။ ။ ရင်ချင်းဆက်အမြွှာညီအစ်မက ဘယ်ဒေသကပါလဲ။ မိခင်ရဲ့ ကျန်းမာရေးအခြေအနေကော သိပါရစေ။
ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ကပါ။ မိဘတွေက ဦးကျော်ဆန်းရှိန်- ဒေါ်မိုးသူဇာပါ။ အဖေက ဈေးရောင်းပြီး အမေက မှီခိုဖြစ်ပါတယ်။ မိခင်ကိုတော့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံမှာ ခွဲစိတ်ဒဏ်ရာပျောက်ကင်းတဲ့အချိန်ထိ ထားရှိမှာပါ။ မိခင်ကျန်းမာရေး ဟာလည်း ကောင်းမွန်ပါတယ်။
(ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့ဆရာ့ကို ကျေးဇူးတင်ပါတယ်။)
မြန်မာနိုင်ငံတွင် ရင်ချင်းဆက်၊ တင်ချင်းဆက်၊ တင်ပါးဆုံအရိုး ကွင်းဆက်ခွဲစိတ်မှု စုစုပေါင်း ခုနစ်ကြိမ် အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီး ၄င်းတို့မှာ ၁၉၇၁ ခုနှစ်က မနန်းစိုး၊ မနန်းစံ ရင်ချင်းဆက်အမြွှာညီအစ်မ၊ ၁၉၉၃ တွင် အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမြွှာ၊၂ဝဝ၂ ခုနှစ် တွင် မိုးမမအောင်၊ မိုးပပအောင် တင်ပါးဆုံအရိုးကွင်းဆက်အမြွှာ၊ ၂ဝဝ၉ ခုနှစ်တွင် စိုပြေလင်း၊ စိုပြေဝင်း ရင်ချင်းဆက်အမြွှာ၊ ၂ဝ၁၁ ခုနှစ်တွင် အင်ကြင်းခိုင်၊ အင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာ၊ ၂ဝ၁၁ ခုနှစ်တွင် ရန်ကင်း၊ ရန်ရှင်း ရင်ချင်းဆက်အမြွှာ၊ ၂ဝ၁၂ခုနှစ်တွင် အောင်ခန့်ကျော်၊ အောင်မြတ်ကျော် တင်ချင်းဆက်အမြွှာတို့ ဖြစ်သည်။ ။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map