<div style='background-color: none transparent;'></div>

Home » » "ဆော်ဒီ တော်ဝင်မင်းသမီး လူကုန်ကူးမှုဖြင့် အမေရိကန်တွင် စွဲချက်တင်ခံရ"

"ဆော်ဒီ တော်ဝင်မင်းသမီး လူကုန်ကူးမှုဖြင့် အမေရိကန်တွင် စွဲချက်တင်ခံရ"



ဆော်ဒီအာရေဗျ တော်ဝင်မျိုးနွယ် မင်းသမီး တစ်ပါးသည် ယခုအခါ လူကုန်ကူးမှုဖြင့် စွဲချက်တင်ခြင်း ခံထားရကြောင်း သိရှိရသည်။ အသက်(၄၂)နှစ်ရှိ မီရှာရဲလ် အလေဘန်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အာဗင်းရှိ သူမပိုင် ကွန်ဒိုတွင် သူမ၏ စိတ်ဆန္ဒကို ဆန့်ကျင်သူများအား ကျွန်ဇာတ်သွင်းကာ ဖိနှိပ်ခဲ့ကြောင်းလည်း စွပ်စွဲ ခံထားရသည်။

ကြာသပတေးနေ့တွင် အမေရိကန် တရားရုံး တစ်ခုက စွဲချက်တင်ခံရသည့် အမျိုးသမီးနှင့် ပတ်သက်ပြီး အချက်အလက် အချို့ကို ထုတ်ပြန်ခဲ့ရာ အလေဘန်၏ အမည်ကို ဖော်ပြခဲ့သည်။ သူမသည် ဆော်ဒီမင်းသား အက်ဘ်ဒူလာဟာမန် ဘင်နာဆာ ဘင်အက်ဘ်ဒူလာဇစ် အယ်လ်ဆာ့ဒ်၏ ကြင်ရာတော် တစ်ပါးဖြစ်သည်။

အလေဘန်သည် ကြာသပတေးနေ့က ဆန်တာအေနာရှိ တရားရုံး တစ်ခုတွင် စွဲချက်အတွက် ကနဦး ရင်ဆိုင် ဖြေရှင်းခဲ့ပြီး တရားသူကြီးက ဇူလိုင်လ (၂၉)ရက်နေ့သို့ အမှုရက်ချိန်း ပြောင်းလဲခဲ့သည်။ သို့သော်လည်း တရားရုံးက သူမ၏ ပတ်စ်ပို့တ်ကို အပ်နှံထားရန်နှင့် သွားလေရာ နေရာကို ညွှန်ပြသည့် GPS ကိရိယာတစ်ခု ခန္ဓာကိုယ်တွင် တပ်ဆင်ထားရန် အမိန့်ချခဲ့သည်။ အော်ရင့်ဂ်ျခရိုင် တရားရုံးသည် အလေဘန်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒေါ်လာ (၅)သန်းတန် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သူမသည် အမြင့်ဆုံး ပြစ်ဒဏ် (၁၂)နှစ်ထိ ချမှတ် ခံရဖွယ် ရှိနေသည်။

ရဲများက အသက်(၃၀)အရွယ် ကင်ညာ အမျိုးသမီး တစ်ဦးသည် ကွန်ဒိုတိုက်ခန်းမှ လွတ်မြောက်လာပြီးနောက် အင်္ဂါနေ့က ဘတ်စ်ကား တစ်စင်းကို တားကာ အကူအညီ တောင်းခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဘတ်စ်ကားပေါ်မှ ခရီးသည် တစ်ဦးက သူမကို အာဗင်းရဲတပ်ဖွဲ့နှင့် ဆက်သွယ်နိုင်အောင် ကူညီပေးခဲ့သည်။ စုံထောက် အရာရှိများက အမှုသည် ကင်ညာ အမျိုးသမီးသည် အလေဘန်၏ ဆော်ဒီရှိ မိသားစုအတွက် အလုပ်လုပ်ပေးရန် (၂၀၁၂)ခုနှစ်၊ မတ်လက စာချုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ လစာသည် ဒေါ်လာ (၁၆၀၀)ဖြစ်ပြီး တစ်ရက်လျှင် (၈)နာရီ အလုပ်လုပ်ရမည်ဟု စာချုပ်တွင် ပါရှိသည်။ သို့သော်လည်း ဆော်ဒီသို့ သူမရောက်လာပြီးနောက် ပတ်စ်ပို့တ်ကို အလေဘန်က သိမ်းယူခဲ့ရသလို တစ်လလျှင် ဒေါ်လာ (၂၂၀)သာ ရရှိကာ တစ်ရက်လျှင် (၁၆)နာရီ အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရကြောင်း တရားလို အမျိုးသမီးက တိုင်ကြားခဲ့သည်။

အလေဘန်၏ ရှေ့နေ ပေါလ်မီယာက "ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ တရားလိုကို ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်မှု ဘာမှ မရှိသလို ရုပ်ပိုင်းဆိုင်ရာ အနာတရလည်း မတွေ့ရဘူးဆိုတာ အတည်ပြုနိုင်ပါတယ်။ တစ်ဖက်က အဆိုပြုထားတာလည်း လုပ်ခနဲ့ အလုပ်ချိန်အတွက် သက်သက်ပါပဲ"ဟု ဆိုသည်။

တရားလို အမျိုးသမီးဘက်မှ ရှေ့နေ စတိဗ်ဘားရစ်ခ်ကမူ "ကျွန်တော့် အမှုသည်ဟာ ကျေးကျွန်တစ်ယောက်လို ဆက်ဆံခံခဲ့ရတာပါ။ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်လည်း မရဘူး။ တခြားနိုင်ငံ တစ်ခုကို ခေါ်ဆောင်လာချိန်မှာ ကတိပျက်ကွက် ခံခဲ့ရတယ်။ မတန်တဆ ခိုင်းစေခံရပြီး ရသင့်တာထက် လျော့နည်းတဲ့ ခံစားခွင့်ပဲ ပေးခဲ့တယ်"ဟု ပြောကြားသွားသည်။

‪#‎california‬, ‪#‎saudi‬ ‪#‎princess‬
‪#‎PlanetMyanmar‬

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map