Home »
သတင်း
» အင်းယားလိတ်ဟိုတယ် ရေကူးကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
အင်းယားလိတ်ဟိုတယ် ရေကူးကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
မရမ်းကုန်းမြို့နယ်အတွင်းရှိ အင်းယားလိတ်ဟိုတယ် ရေကူးကန်တွင် ဇူလိုင်လ ၂၃
ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးဗညား (ခ) ဗညားသန်းဟိန်း ဖြစ်ပြီး
ရန်ကင်းမြို့နယ် သုခဝတီလမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည်
အင်းယားလိတ်ဟိုတယ်တွင် ၎င်း၏ကလေးများနှင့်အတူ ရေလာကူးစဉ် ယင်းသို့
ရေနစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ရေကူးကန်၏ အနက်ဆုံးနေရာမှာ ၈ ပေ ထိရှိပြီး ၎င်းသေဆုံးခဲ့သည့် နေရာသည်
ရေကူးကန်၏ အနက် ၅ ပေ နှင့် ၆ ပေ ကြားတွင်ဖြစ်ပြီး ကလေးများမှာ အနက် ၂
ပေတွင် ရေကူးနေကြောင်း ယင်းဟိုတယ်၏ အုပ်ချုပ်ရေး မန်နေဂျာဖြစ်သူ
ဦးကျော်ရွှေ၏ ပြောကြားချက် အရ သိရသည်။
“ဘယ်အချိန်မှာ
နစ်နေလဲတော့မသိဘူး။ စတွေ့တော့ ပေါလောပေါ်နေပြီ လုံခြုံရေးတွေ ဆင်းကယ်တုန်းက
အသက်ရှိသေးတယ်၊ ဟိုတယ်မှာရှိတဲ့ SOS ဆေးခန်းကလူတွေက ၂ မိနစ်အတွင်း
ရောက်လာပြီး ရှေးဦးသူနာပြုစု နည်းတွေ၊ ခေတ်မီစက်တွေနဲ့ ကယ်ဆယ်ရေးလုပ်တယ်၊
မွန်းလွဲ ၁ နာရီလောက်မှာ ဆုံးသွားပြီ လို့ ဆေးခန်းက အတည်ပြုခဲ့ပါတယ်” ဟု
၎င်းကထပ်မံ ပြောကြားသည်။
အဆိုပါ ရေနစ်သေဆုံးသူသည် ယခင်ကတည်းက
နှလုံးသွေးကြော ကျဉ်း ရောဂါရှိပြီး ရှေးဦးသူနာပြုနည်းဖြင့် ကယ်ဆယ်သည့်
အချိန်တွင် ရေများနှင့်အတူ အဖတ်များပါ ပါလာကြောင်း ယင်းဟိုတယ်မှ
လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။
အဆိုပါ ရေနစ်သေဆုံးမှုနှင့်
ပတ်သက်၍ မရမ်းကုန်းရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်
စစ်ဆေးလျက်ရှိပြီး သွေးရိုးသားရိုး သေဆုံးခြင်း ဟုတ်မဟုတ်ကို
စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ရဲစခန်းမှ
စုံစမ်းသိရှိရသည်။
အေးချမ်းမွန်
0 comments:
Post a Comment