ဝယ်ယူခွန် မပြောင်းလဲသောကြောင့် မြေကွက်ဝယ်ယူမှုများ အနည်းငယ် လျော့ကျနေသော ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် တိုက်ခန်းငှားရမ်းမှုများ ယခင်နှစ်ထက် များပြားနေကြောင်း ရန်ကုန်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။
ရန်ကုန်မြို့သို့ နိုင်ငံခြားသားများ ဝင်ရောက်မှု များလာပြီး တိုက်ခန်းငှားရမ်းမှု များလာခြင်း၊ ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်သူများက ၎င်းတို့ပိုင်ဆိုင်သော တိုက်ခန်းများကို နိုင်ငံခြားသားများထံ ငှားရမ်းပြီး ဈေးနှုန်းလျော့နည်းသော တိုက်ခန်းများကို ပြန်လည်ငှားရမ်း နေထိုင်ခြင်းကြောင့် တိုက်ခန်းအငှား ပိုမိုများလာခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောကြားသည်။
“နိုင်ငံခြားသားတွေ၊ ရင်းနှီးမြှုပ်နှံသူတွေက ဝါတွင်းဝါဝင်တယ်ဆိုတာ သိပ်အာရုံမထားကြလို့လည်း တိုက်ခန်းအငှားတွေက အဖြစ်များနေတာပါ” ဟု ၎င်းကဆိုသည်။
တိုက်ခန်းအငှား ဈေးနှုန်းများသည် ၂၀၁၂ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်းခန့် တက်လာပြီး တစ်လအငှားဈေးနှုန်း ကျပ်သုံးသိန်းငါးသောင်းခန့်
ရန်ကုန်မြို့ရှိ တိုက်ခန်းနှင့် ကွန်ဒိုများ အငှားသွက်နေသော်လည်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိပြီး အနည်းငယ် အေးနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဝယ်ယူခွန် ပြောင်းလဲမည့် သတင်းများကြောင့် ဇူလိုင်လ အစောပိုင်းက အရောင်းအဝယ် များခဲ့သော ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေဈေးကွက်သည် ဝယ်ယူခွန် မပြောင်းလဲသောကြောင့် အရောင်းအဝယ် လျော့နည်းပြီး ငှားရမ်းမှုသာ များလာခြင်း ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
အေးချမ်းမွန်


0 comments:
Post a Comment