<div style='background-color: none transparent;'></div>

Home » » ပန်းရန် ဆရာတပည့် စနောက်ရာမှ လူသေဆုံး

ပန်းရန် ဆရာတပည့် စနောက်ရာမှ လူသေဆုံး



ရန်ကုန်၊ ဇူလိုင်၂၉

သင်္ဃန်းကျွန်းမြို့နယ် င/က ရပ်ကွက်၊ မာဃလမ်းရှိ တည်ဆောက်ဆဲ တိုက် တစ်လုံးတွင် ဇူလိုင်လ ၂၇ရက် ည ၁၀နာရီ ၃၀မိနစ်က ပန်းရန် ဆရာနှင့် ပန်းရန် အလုပ်သမားတို့ စနောက် စကားများရာမှ လူသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်း သိရှိရသည်။

ပန်းရန်ဆရာ အသက် ၄၁ နှစ်အရွယ် ဦးကြည်လှိုင်က အရက်မူးနေ သဖြင့် ခြင်ထောင် ထောင်ခိုင်းရာ အသက် ၁၄ နှစ်အရွယ် ပန်းရန် လုပ်သား မောင်ရဲလင်းထွန်းက ခြင်ထောင် ထောင်ပေးခဲ့ကြောင်း၊ ယင်းနောက် ပန်းရန်ဆရာက ခြင်ထောင်ကြိုး ဖြတ်သည့် အသွား ခြောက် လက်မ ဓားဖြင့် ချိန်ရွယ်၍ စနောက်၍ လူငယ်က ရှောင်တိမ်းလိုက်ရာ ပန်းရန် ဆရာ ဦးကြည်လှိုင်ကို ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

“ကောင်လေးက တကယ်ထင်ပြီး ဓားကို ခုခံရာက ဘယ်ဘက်ရင်ညွန့်ကို တစ်ချက် စိုက်ဝင်သွားတယ်။ ဒဏ်ရာက သွေးတောင် မထွက်ဘူး။ နှလုံးကို ထိသွားတယ်လို့ ထင်တယ်” ဟု ၎င်းက ထပ်မံ ပြော ကြားသည်။

သေဆုံးသူ ပန်းရန် ခေါင်းဆောင် ဦးကြည်လှိုင်သည် သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်၊ ပြည်တော်သာလမ်းတွင် နေထိုင်သူဖြစ်ပြီး ဓားဖြင့်ထိုးသူ လူငယ်သည် (၁၀၅)ရပ်ကွက်၊ မြတ်ဝတ်ရည်လမ်းတွင် နေထိုင် သူ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ဆရာတပည့် စနောက်ရာကနေ ခုလို ဖြစ်လိမ့်မယ်လို့ ထင်မထား ဘူး။ ကောင်လေးက တကယ်ထင်ပြီး စိုးရိမ်စိတ် ဝင်သွားလို့ပါ” ဟု အဆိုပါ ဆောက်လက်စ တိုက်တွင် ၎င်းတို့နှင့်အတူ အလုပ် လုပ်ကိုင်သည့် အသက် ၂၁နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားထိုးမှုကို (ပ)၂၃၃/၁၃၊ ပြစ်မှု ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သုဝဏ္ဏမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map