<div style='background-color: none transparent;'></div>

Home » » ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များ ဆန္ဒထုတ်ဖော်မည်

ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များ ဆန္ဒထုတ်ဖော်မည်



ကမာရွတ်မြို့နယ် လှည်းတန်း ပြည်မြန်မာ ကုန်တိုက်ဟောင်းမှ ပိတ်သိမ်းခဲ့ရသော ဆိုင်ခန်းရှင် ၉၈ ဦးက နိုင်ငံတော် သမ္မတအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လူ့အခွင့်အရေး ကော်မရှင်သို့ အကြိမ်ရေ ၁၀၀ မက တိုင်ကြားသော်လည်း မထူးခြားသဖြင့် နာနတ်တော ခုံးကျော်တံတား အောက်တွင် ဇူလိုင်လ ၁၄ ရက်နေ့၌ တရားဝင် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဦးဆောင်သူ ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးအောင်လင်းက ပြောကြားသည်။

၁၉၉၅ ခုနှစ်က ယင်းဆိုင်ခန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဧပြီလပိုင်း တွင် ဖျက်သိမ်း ခဲ့ပြီးနောက် လုပ်ကိုင် စားသောက်ရန်အခက်အခဲများ ကြုံတွေ့ကြရ၍ ကမာရွတ်မြို့နယ် ရဲစခန်း၏ ခွင့်ပြုချက် ဖြင့် ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များနှင့် အလုပ်သမားများ အပါအဝင် လူအင်အား ၂၀၀ ခန့်ဖြင့် ဇူလိုင်လ ၁၄ ရက် နေ့ နံနက် ၈ နာရီမှ ၁၀ နာရီထိ ဆန္ဒထုတ်ဖော်ခွင့် ရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

"ဖျက်သိမ်းခံခဲ့ရတဲ့ ဆိုင်ခန်းပိုင်ရှင် တွေလည်း မိမိနေရာကို ရောင်းခွင့်ရှိတယ်။ ဝယ်ခွင့်ရှိတယ်။ ဒီအခွင့်အရေးကို လိုချင်လို့ ဆန္ဒထုတ်ဖော်တယ်" ဟု လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးအောင်လင်းက ဆိုသည်။

နိုင်ငံတော်၏ လေလံစာရင်းထဲတွင် ပြည်မြန်မာကုန်တိုက် ပါပြီးနောက် ဆိုင်ခန်းများ အပြီး ပြောင်းရွှေ့ပေးခဲ့ရပြီး ငါးလကျော် ကြာသည်အထိ တစ်စုံတစ်ရာ လုပ်ကိုင်စားသောက်ရန် ပြန်လည်စီစဉ်ပေးခြင်း မရှိသောကြောင့် ၂၀၁၁ ခုနှစ်က တစ်ကြိမ် ဆန္ဒပြဖူးကြောင်း၊ ယခု ဒုတိယ အကြိမ်ဖြစ်ကြောင်း ယင်းဆိုင်ခန်းရှင် များထံမှ သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map