<div style='background-color: none transparent;'></div>

Home » » သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ

သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ


သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအား အမျိုးသမီးခြောက်ဦး ပါဝင်သည့် လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာကောင်းကောင်း ရမည်ဟု လိမ်လည်စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သော အမှုတစ်မှု ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် နမ့်လန်ကျေးရွာအုပ်စုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေသည်ကို နမ့်လန်ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ပြီး နမ့်လန်ရဲစခန်းမှူးမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (လာရှိုး) သို့ ဆက်သွယ်အကြောင်းကြား ခဲ့သဖြင့် စုံစမ်းဖော်ထုတ်ရာ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ်ပို့ဆောင်ပေးပါက ငွေများများရနိုင်ကြောင်း နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့်မှ မစန်းစန်းအေး အားပြောသဖြင့် မစန်းစန်းအေးမှ တစ်ရွာတည်းနေ မတင်နွယ်စိုး (ခ)မစိုးနှင့် မအေးမီး (ခ)မတင် တင်အေးတို့အားပြောခဲ့ရာ ၎င်းတို့နှစ်ဦးမှ အခန်းချင်းကပ်လျက်ရှိ အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်ပြောဆို စည်းရုံးကာ မစန်းစန်းအေးထံ အပ်နှံခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်အား တရုတ်အမျိုးသား တစ်ဦးထံ မယားအဖြစ် ရောင်းစားခဲ့ရာ လူကုန်ကူးဂိုဏ်းအဖွဲ့မှ တရုတ်ငွေယွမ် ၁၉၀၀၀ ရရှိပြီး မြန်မာငွေနှင့် လဲလှယ်ရာ ကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။

အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံ လူပွဲစားများမှတစ်ဆင့် တရုတ်အမျိုးသား တစ်ဦးနှင့် အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်းဖြင့် အကျိုးအမြတ် ရယူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျုးလွန်သူ မစန်းစန်းအေး၊ မ၀ါနု၊ မအေးမီး(ခ)မတင်တင်အေး၊ မနှင်းရီ(ခ)မညီမ၊ မတင်နွယ်စိုး (ခ)မစိုးနှင့် နိုင်းမြင့်(ခ)ဒေါ်ဆွေမြင့်တို့ ခြောက်ဦးအား နမ့်လန်နယ်မြေ ရဲစခန်း(ပ) ၁၂/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တရုတ်အမျိုးသား၏ ဇနီးအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်အား ပြန်လည်ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှ လူပွဲစားများအား ဖော်ထုတ်ဖမ်းဆီး ရရှိရေးကို လူကုန်ကူး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု (လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map