<div style='background-color: none transparent;'></div>

Home » » ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ နေရာအနှံ့ ကျင်းပ

ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးခေါ်လွန်ဆွဲပွဲများ နေရာအနှံ့ ကျင်းပ




စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်တွင် ဆိုးရွားစွာ မိုးခေါင်လျက်ရှိနေပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို နေရာအနှံ့အပြား ကျင်းပလျက် ရှိသည်။

"ရာသီဥတုက တအားပူနေတယ်။ မိုးကလည်း လုံးဝကို မရွာတာလေ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ရွှေဘိုစည်ပင်ဈေးကြီးမှာ လွန်ဆွဲခဲ့တယ်" ဟု စည်ပင်ဈေးမှ ကိုမြင့်နိုင်က ပြောကြားသည်။

မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးနှင့် အဓိက အသက်မွေးဝမ်းကျောင်းပြုရာ ဒေသဖြစ်သော ရွှေဘိုတွင် ဆိုးဝါးစွာ အခက်ကြုံလျက်ရှိပြီး ရိုးရာဓလေ့ဖြစ်သော မိုးခေါ်လွန်ဆွဲပွဲများကို ကျင်းပကြခြင်း ဖြစ်သည်။

"မိုးက တအားခေါင်နေတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်လူကြီး အားလုံးပေါင်းပြီး လွန်ဆွဲကြတာလေ။ တက္ကသိုလ် ကျောင်းသူကျောင်းသားလေးတွေ ပါဝင်ဆွဲကြတာ။ ရိုးရာအငွေ့ အသက်လေးလည်းပါတော့ ပျော်စရာကောင်းတယ်။ မိုးတကယ်ရွာခဲ့ရင် ပိုပြီးပျော်စရာ ကောင်းမှာ" ဟု သခွတ္တောရပ်တွင် နေထိုင်သူ ကိုထွေးက ဆိုသည်။

"မနှစ်က လွန်ဆွဲပွဲပြီးတော့ မိုးကတောက်လျှောက် ရွာတယ်။ အဲဒီတော့ ပျော်လိုက်ရတာ။ ခဏပဲ မိုးကလုံးဝ ပျောက်သွားတာ။ ဒီနှစ်အဲလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ။ မိုးမရွာရင် တောင်သူတင်မကဘူး။ တောင်သူကို အားပြုရောင်းရတဲ့ စည်ပင်ဈေးကြီးလည်း သိသိသာသာ အရောင်းပါးသွားတာလေ" ဟု စည်ပင်ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ရွှေဘိုနယ်တွင် ပုဂံခေတ်ကတည်းက တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ရွှေတန်ဆာဘုရား အညာဆန်ပွဲ၊ မိုးခေါ်လွန်ဆွဲပွဲနှင့် ငါးရံ့မင်း ပူဇော်ပွဲများကို ရိုးရာဓလေ့ စရိုက်အဖြစ် နှစ်စဉ်ကျင်းပလေ့ ရှိသည်။

အလယ်ပိုင်း မြေလတ်ဒေသဖြစ်သော ရွှေဘိုတွင် နှစ်စဉ်မိုးနည်းလေ့ ရှိသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု လွန်ကဲသော ဖြစ်စဉ်များ သိသာစွာ ဖြစ်ပွားခဲ့ပြီး တောင်သူများ ဆိုးရွားစွာ အခက်ကြုံနေခဲ့ရသည်။

အေးချမ်းမွန်
Share this article :

1 comments:

susan said...

အရူ:တွေဘဲ ခေတ်စနစ်ဒီလောက်ပြောင်းတာတောင် အသိဉဏ်တွေကလူရိုင်းသာသာ မိုးအတုရွာပေးဖို့သူများနိုင်ငံတွေ လှမ်းအကူအညီတောင်းပါလား ခင်ဗျားတို့မိုးနတ်မင်းကြီ: ထက်တောင်စွမ်းသေးတယ် အစိုးရက ကူလဲကူညီ ပညာလဲပေးသင့်တယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map