<div style='background-color: none transparent;'></div>

Home » » မင်္ဂလာကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်မှောက်မှု နှစ်ဦးသေ ၁၄ ဦး ဒဏ်ရာရ

မင်္ဂလာကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်မှောက်မှု နှစ်ဦးသေ ၁၄ ဦး ဒဏ်ရာရ



မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကံမစံပြ-ပေါက်လမ်း မိုင်တိုင်အမှတ် ၁၈/၁ နှင့် ၁၈/၂ တို့ကြား ကံမတိုက်နယ်ဆေးရုံ အနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မင်္ဂလာဆောင်ရန် တောင်းရမ်း ကမ်းလှမ်းစကားပြောပြီး ပြန်လာသည့်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံး၍ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပခုက္ကူမြို့နယ် ကံမတိုက်နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပခုက္ကူမြို့နယ် ကံလှကျေးရွာသို့ မင်္ဂလာစကားပြောပြီး ပေါက်မြို့နယ်ရေပြာ သို့ ပြန်လာသည့် ယာဉ်မောင်းဇော်နိုင်ထွန်း မောင်းနှင်သော ဂျစ်ခါးရှည် အစိမ်းရောင်ယာဉ်သည် အရှိန်းမထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ သွားရောက်သည့် ရပ်မိရပ်ဖဖြစ်သူ ကံမမြို့ မြို့မရပ်နေ ဦးစန်းဦး (၅၅ နှစ်) သည် ဦးခေါင်းနှောက်စေ့ပွင့်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်းနှင့် နှမတော်စပ်သူ ညောင်းဝန်းကျေးရွာနေ ဒေါ်စန်းဌေး (၅၂ နှစ်) သည် ခါးရိုးကျိုးဒဏ်ရာဖြင့် ကံမဆေးရုံ ရောက်ချိန်တွင် သေဆုံးသွားကြောင်း ကံမတိုက်နယ်ရဲစခန်း၏ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားက အရှိန်းမထိန်းနိုင်ဘဲ လမ်းဘေးက ဓာတ်တိုင်ဝင်တိုက် မိပြီးမှ မှောက်သွားတာ” ဟု မျက်မြင်တွေ့ရှိ ကမ္မတိုက်နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကားပေါ်တွင် ပါလာသူ ၁၈ ဦးအနက် ဒဏ်ရာရရှိသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးကိုးဦးတို့ကို ကံမတိုက်နယ်ဆေးရုံတွင် ဆေးကုသခဲ့ရာ အမျိုးသားနှစ်ဦးမှာ လက်ကျိုးသွားသဖြင့် ပခုက္ကူမြို့ ပြည်သူ့ဆေးရုံသို့ လွဲပြောင်းပေးခဲ့ပြီး ကျန်လူနာများမှာ ထိခိုက်ဒဏ်ရာ အနည်းအကျဉ်းခန့်သာ ရရှိကာ မစိုးရိမ်ရသည့်အတွက် အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားသည့်နေ့ ကပင် ဆေးရုံက ဆင်းခွင့်ပြုလိုက်ကြောင်း ကံမတိုက်နယ်ဆေးရုံ၏ တာဝန်ကျဝန်ထမ်းများက ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ယာဉ်မောင်းဇော်နိုင်ထွန်းကို ယာဉ် (ပ) ၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄ တို့ဖြင့် ပခုက္ကူမြို့နယ် ကံမရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map