<div style='background-color: none transparent;'></div>

Home » » “ဒို့ နိုင်ငံနဲ့  ဒို့ သင်္ကြန်”

“ဒို့ နိုင်ငံနဲ့  ဒို့ သင်္ကြန်”



မန္တလေး သင်္ကြန်စာ
တစ်နှစ်တာ ဟောစတမ်းနဲ့ 
ကျောချမ်းစရာလဲ ချမ်း
ဝမ်းသာစရာလဲ သာ
ယတြာချေစရာလဲ ချေ
ဒို့ ရေမြေနဲ့  ဒို့ ပြည်သား
စည်းဝါးကို ကိုက်လို့ 
ဒို့ ထိုက်နဲ့ ဒို့ ကံ၊ ဒို့ နိုင်ငံမှာ
သင်္ကြန်ပွဲဆင်နွှဲချိန် ရောက်ပြန်ပြီလေ။


မကောင်းမှုတွေ ဆေးကြောဖို့ 
တောရစခန်းမှာ
မောသမျှ အပန်းဖြေ
သင်္ကြန်ရေလောင်းရင်း တရားရှု
စားမှုသောက်မှုတွေ ခဏမေ့
ဒါ - မြန်မာ့ဓလေ့ ပါပဲကွယ်။

အတာအိုးမှာ
သပြေပန်း၊ နေဇာပန်း
ပန်းမျိုးစုံပြီး သင်္ကြန်ကြို
ကုက္ကိုပင်တွေကလဲ ပွင့်
ရှင်ကျင့်ဝတ်နဲ့  ကိုရင်ဝတ်
ဒုလ္လဘ ၀တ်ဖို့  ရဟန်းခံ
နှဲသံဗုံသံတွေလဲ တညံညံနဲ့ 
သင်္ကြန်တော် သဘင်ပွဲမှာ
ကုသိုလ်ရေး ခဲကြတယ်။

စတုဒိသာ အလှူပေး
မုန့် လုံးရေပေါ် ကျွေး
ကျေးလက်က မြို့ ပြတိုင်
ဒို့ ဘ၀က မြိုင်ပါသလေ့။

သင်္ကြန်မိုးနဲ့  သင်္ကြန်ပိုး
ရိုးတိုးရွတ ဒိုးကလေးနဲ့  က
လောင်းကြပတ်ကြ သင်္ကြန်ရေ
မာပါစေ သာပါစေ။

ဘိုးဘွားတွေမှာလဲ တပြုံးပြုံး
ခေါင်းလျှော် ရေချိုးပေး
သနပ်ခါး အမွှေးသားနဲ့ 
ဆေးဝါးလဲ တိုက်ကျွေး
သာဓု ... သာဓု ... နှုတ်ချိုအေး။

နှစ်ဆန်းတစ်ရက်ကျ ဇီဝိတဒါန
နွားကဘေးမဲ့ ကျွဲကဘေးမဲ့
ငါးလွှတ်ပွဲလဲ ပါသေးရဲ့။

ကိုရွှေမြန်မာတို့ ရဲ့ ဓလေ့ထုံးစံ
ကိုယ့်သင်္ကြန်နဲ့  ကိုယ့်နိုင်ငံ
ပြိုင်စံဖွယ် ရှိနိုင်ဘူး
မြန်မာ့နှစ်သစ် ကူးတည့်လေ။။

တင်မိုး
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map