<div style='background-color: none transparent;'></div>

Home » » စင်ကာပူတွင် အိမ်ဖော် လုပ်သည့် မြန်မာ အမျိုးသမီးများ အသက် လိမ်၍ နိုင်ငံကူး လက်မှတ် လုပ်နေဟုဆို The Straits Times သတင်းစာတွင် ရေးသား ဖော်ပြထား

စင်ကာပူတွင် အိမ်ဖော် လုပ်သည့် မြန်မာ အမျိုးသမီးများ အသက် လိမ်၍ နိုင်ငံကူး လက်မှတ် လုပ်နေဟုဆို The Straits Times သတင်းစာတွင် ရေးသား ဖော်ပြထား


စင်ကာပူနိုင်ငံတွင် အိမ်အကူ အဖြစ် လုပ်ကိုင်နေကြသော မြန်မာအမျိုးသမီး အများစုမှာ အသက်လိမ်လည်၍ နိုင်ငံကူး လက်မှတ် ပြုလုပ်နေကြကြောင်း ဇူလိုင် ၂၃ ရက် (တနင်္လာ) နေ့ထုတ် The Straits Times သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
“အစိုးရအနေနဲ့ အိမ်အကူလုပ်ခွင့် လုံးဝ ခွင့်မပြုပါဘူး။ သူတို့တွေ ဘယ်လိုပုံစံနဲ့သွားလဲ။ ဘယ်လို လိမ်လည်လဲဆိုတာ စုံစမ်း စစ်ဆေးသွားမှာပါ” ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။ အိမ်အကူ မြန်မာအမျိုးသမီး အများစုမှာ ဆယ်ကျော်သက် အရွယ်များဖြစ်ပြီး အသက် ၁၆ နှစ်အောက်များ ဖြစ်ကြသည်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး (The Ministry of Manpower) က နိုင်ငံခြားသား အိမ်အကူများမှာ အနိမ့်ဆုံးအသက် ၂၃ နှစ် ရှိမှသာ အိမ်အကူ လုပ်ကိုင်ခွင့်ရမည်ဟု ၂၀၀၅ ခုနှစ်က စတင် သတ်မှတ်ခဲ့သည်ဟု The Straits Times တွင် ဖော်ပြပါရှိသည်။

“ဒါကတော့ နှစ်ဦးနှစ်ဖက် ပူးပေါင်းလုပ်တာလည်း ဖြစ်နိုင်တယ်။ အဓိက ကတော့ စီးပွားရေး မပြေလည်မှုကြောင့်ပဲ။ ဒါ့ကြောင့် အသက်လိမ်ပြီး နိုင်ငံကူးလက်မှတ် လုပ်တာတွေ များလာတာ” ဟု စင်ကာပူနိုင်ငံ City Hall ပင်နီဆူးလား ပလာဇာရှိ ပြည်ပအေဂျင်စီ တစ်ခု၏ မြန်မာရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတကာစံနှုန်းတွင် နိုင်ငံကူးလက်မှတ်အား အသက်ပြည့်မီသူ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြုလုပ်ပေးရသည့် စံနှုန်းရှိသဖြင့် နိုင်ငံကူးလက်မှတ်အား ထုတ်ပေးရခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးမှ ညွှန်ကြားရေးမှူး ဦးထွန်းဝေက ဆိုသည်။
စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော မိန်းကလေးများ အနေဖြင့် အသက်မပြည့်မီမှုကြောင့် ဒုက္ခများရောက်နိုင်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တုံ့ပြန်မှု မရှိသေးကြောင်း The Straits Times က ရေးသားထားသည်။ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်သူဦးရေ ၂၀၆,၀၀၀ ရှိပြီး ယင်းတို့မှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာလူမျိုးများ ဖြစ်ကြသည်။ မြန်မာလူမျိုး အိမ်အကူများမှာ ပျမ်းမျှအားဖြင့် တစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း စင်ကာပူနိုင်ငံရှိ အေဂျင်စီများထံမှ သိရသည်။ အိမ်အကူများ၏ လစာမှာ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၀၀ မှ ၄၂၀ အထိ ရရှိကြောင်း The Straits Times တွင် ဖော်ပြပါရှိသည်။ 
7days news 
Share this article :

1 comments:

မိုးသူ(တောင်ကြီး) said...

စာဝတ်နေရေးကြပ်တည်းတော့လဲ ကြံဖန်လုပ်ကြရတာပေါ့နော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map