ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည့်လည်ကာအကြမ်းဖက် လုယက်မှုများကျူးလွန်နေသည့် ဂိုဏ်းကို ရဲအထူးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၀ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိ ရသည်။
ယင်းကဲ့သို့ အကြမ်းဖက် အနုကြမ်းစီးသည့်ကိစ္စများတွင် ဂိုဏ်းခေါင်းဆောင်ဟု ဆိုသူမှာ မင်းမင်း(ခ)ဇော်မင်းသိန်းဆိုသူဖြစ်ပြီး ၎င်းကို ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်း ကျောက် တန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အပေါင်းအပါများဖြစ်သော ၀င်းမင်းဟန်၊ အောင်ခန့်၊ မြင့်အောင်၊ သက် ထွေး၊ စိုင်းမင်းဇော်ဦးနှင့် ခိုင်ဇင်ဆိုသူတို့ကိုလည်း ဇူလိုင် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးနိုင် ခဲ့ကြောင်းသိရသည်။

၎င်းတို့သည် ဝေဘာဂီ၊ လှိုင်သာယာ၊ ထောက်ကြန့်၊ လှော်ကား၊ ရွှေပြည်သာ၊အင်းစိန်၊ မြောက် ဥက္ကလာတို့တွင် ခိုးမှုများ၊ အကြမ်းဖက်မှုများ၊ ဓားထောက်လုယက်မှုများ ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ မင်းမင်းပါ ခုနစ်ဦးဟာ ခိုးမှုသုံးမှု၊ လုယက်မှုသုံးမှုနဲ့ အမှုဖွင့်ထားခြင်း မရှိတဲ့ဖြစ်စဉ်ငါးခုမှာ အဓိကကျူးလွန်ခဲ့တဲ့ တရားခံတွေပါ။ သူတို့ကို အခုလက်ရှိအခြား ကြွေးကျန်ခိုးမှု၊ လုယက် မှုတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေပါတယ်။ သူတို့ကို တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမှာပါ”ဟု မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအခါ ဒုစရိုက်မှုဖြစ်ပွားမှုများသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်မြေအချို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မှုခင်းအသိပညာပေးခြင်း၊ မှုခင်းကြိုတင်ကာကွယ်မှုများ၊ နေ့ညမပြတ် ကင်းလှည့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“အခုတလော ခိုးမှု၊ အကြမ်းဖက်လုယက်မှုတွေ ရန်ကုန်တိုင်းဒေသကြီး တချို့နေရာတွေမှာ တော်တော်လေး ဖြစ်နေတယ်။ တချို့ဒုစရိုက်မှုကျူးလွန်နေတဲ့သူတွေက လူသစ်တွေဖြစ်တဲ့သူတွေလဲရှိသလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေလဲ ဖြစ်နေတာတွေရှိတယ်”ဟုပုဇွန်တောင်မြို့နယ်နေသူ တစ်ဦးက ပြောသည်။
Flower News Journal

0 comments:
Post a Comment