<div style='background-color: none transparent;'></div>

Home » » ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သည့် ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းအား မြန်မာဘုန်းတော်ကြီးများသာ ကျောင်းထိုင်ခွင့် ထိုင်းဘက်မှ ခွင့်ပြုလိုက်ပြီ

ဘုရင့်နောင်မင်းတရားကြီး တည်ထားခဲ့သည့် ချင်းမိုင်ရှိ ဘုန်းကြီးကျောင်းအား မြန်မာဘုန်းတော်ကြီးများသာ ကျောင်းထိုင်ခွင့် ထိုင်းဘက်မှ ခွင့်ပြုလိုက်ပြီ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်) မြို့ရှိ  ဝပ်ဆိုင်းမွန်း ဘုန်းကြီးကျောင်းတွင် မြန်မာကျောင်းထိုင် ဆရာတော် ဆက်လက်ရှိရန်အတွက် ထိုင်းအာဏာပိုင်များက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း  သိရသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်၌ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်နှင့် ဆွေးနွေးရာတွင် အဆိုပါ ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာဘုန်းတော်ကြီးတစ်ပါးကို ကျောင်းထိုင်အဖြစ် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာများ အများဆုံး ကိုးကွယ်သည့် ကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ ရိုးရာပွဲတော်များ အများဆုံး ကျင်းပပြုလုပ်သည့် ကျောင်းလည်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပျံလွန်တော်မူသွားသော နောက်ဆုံး မြန်မာကျောင်းထိုင်ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ဝါတော်၇၀) ၏ နေရာ၌ ထိုင်းဥပဒေအရ ထိုင်းသံဃာတော်တစ်ပါးကို အစားထိုး ခန့်အပ်ရန် စီစဉ်ခဲ့ကြောင်း၊ ထိုင်းဥပဒေတွင် မြန်မာ ဘုန်းကြီးကျောင်းများ၌ မြန်မာဘုန်းကြီးများ ပျံလွန်တော်မူပါက ထိုင်းဘုန်းကြီးများ ဆက်လက် ကျောင်းထိုင်ရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။ သို့သော် ယခုဝပ်ဆိုင်းမွန်း ဘုန်းကြီးကျောင်းသည် ဘုရင့်နောင် မင်းတရားကြီး တည်ခဲ့သော ကျောင်းဖြစ်သောကြောင့် မြန်မာ ဘုန်းတော်ကြီးများသာ ကျောင်းထိုင်အဖြစ် ထားရှိသင့်ကြောင်း၊ မြန်မာနိုင်ငံတော် သမ္မတကြီးက ဆွေးနွေးခဲ့သည်ကို ထိုင်းဝန်ကြီးချုပ်က သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် နောက်ဆုံး ကျောင်းထိုင်သွားသည့် ဦးအာသဘ အပါအဝင် မြန်မာဘုန်းတော်ကြီးများ ၁၀ ဆက်တိတိ ကျောင်းထိုင်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ မြန်မာဘုန်းကြီးကျောင်း အများစုရှိရာ ထိုင်းမြောက်ပိုင်း လန်ပန်းမြို့ရှိ မြန်မာဘုန်းကြီးကျောင်း  တစ်ကျောင်းကိုသာ ထိုင်းအစိုးရက မြန်မာဘုန်းကြီးကျောင်းအဖြစ် တရားဝင် သတ်မှတ်ပေးထားကြောင်း သိရသည်။
news.yatanarpon


Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map