<div style='background-color: none transparent;'></div>

Home » » ယနေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်ကမန္တလေးမြို့၊ ညောင်ကွဲရပ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား(သတင်း/ဓာတ်ပုံ)

ယနေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်ကမန္တလေးမြို့၊ ညောင်ကွဲရပ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား(သတင်း/ဓာတ်ပုံ)



မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုလင်းခွံအိတ်ခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန် အတွက် စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ် ပစ္စည်းများကို တစ်သီးတစ်ခြားစီ ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

“ပစ္စည်းရွေးပြီး သန့်စင်နေတုန်း ပေါက်ကွဲသံတစ်ခုကြားရပြီး မီးခိုးတွေ လုံးတက်လာတာပဲ။ ဒါနဲ့အိမ်ထဲဝင်ပြေးမိတယ်။ အဲဒီအနီးအနားမှာ ကလေးတွေ ပြေးဆော့နေတာတော့ ရှိတယ်။ ဘယ်နှစ်ယောက်ရှိတယ်ဆိုတော့ တိတိကျကျမသိဘူး။ ကျွန်တော်က ညာဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာလောက်ပဲ ရတယ်။ ချုပ်တော့မချုပ်ရဘူး။ ကလေးတစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်”ဟု ကိုခိုင်မင်းထွန်းက ပြောပါသည်။
“၂၈ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် ယောင်္ကျားလေးနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က လက်မှာ ပြတ်ရှဒဏ်ရာရခဲ့ပြီး ၃ နှစ် အရွယ်ကလေးကတော့ နားနှာခေါင်းလည်ချောင်း ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်ပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူး။ လက်လုပ်ဗုံးလို့ ကောက်ချက်ချလို့ရတယ်။ သူတို့ပြောဆိုချက်အရ ကွန်ကျူး(ပီဗွီစီ) ပိုက်ထိပ်မှာပါတဲ့ သံပိတ်ကို ထုရိုက်ပြီး ခွဲထုတ်ရင်း မီးခိုးတွေ ထွက်လာတယ်။ နောက်တော့ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားရာသို့ စစ်ဘက်ရဲဘက်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းအပိုင်တွင် ဖြစ်သောကြောင့် အဆိုပါရဲစခန်းမှ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
eleven media 
Share this article :

1 comments:

မြတ်နိုးသူ said...

သတင်းလေးလာရောက်ဖတ်ရှုသွားပါတယ်နော်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map