<div style='background-color: none transparent;'></div>

Home » » မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်

မန္တလေးမြို့တွင် ညပိုင်း ဆိုင်ကယ် မောင်းနှင်သူများကိုပါ အယ်လ်ကိုဟောလ် ပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူမည်


Created on Thursday, 15 August 2013 22:52

မန္တလေးမြို့တွင် ညပိုင်းဆိုင်ကယ် မောင်းနှင်သူများကိုပါ အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာပေးအဆင့် အနေဖြင့် ညပိုင်း ကားမောင်းသူများကိုသာ ယင်းကိရိယာ နှစ်ခုဖြင့် စတင်စစ်ဆေး နေခဲ့ရာမှ အရက်မူးတိုင်း ကိရိယာများ ထပ်မံဝယ်ယူပြီး ကနဦး ဒဏ်ငွေရိုက် အရေးယူမှု စတင်နေပြီ ဖြစ်သည်။ ညပိုင်းတွင် အဆင်ခြင်မဲ့ ဆိုင်ကယ် မောင်းနှင်မှုများကြောင့် မန္တလေးမြို့တွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှု ပိုမိုများပြား လာသဖြင့် စစ်ဆေးစေမည် ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုက ဆိုင်ကယ်ကြောင့် ပိုများတယ်။ လုံခြုံရေး လိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေရော ပူးပေါင်းဆောင်ရွက်စေပြီး ကားတွေတင် မကဘဲ ဆိုင်ကယ်မောင်းနှင်တဲ့ သူတွေကိုပါ ကိရိယာနဲ့ စစ်ဆေးအရေးယူ ရတော့မှာပါ။ အရက်သောက်ထားမှုက သတ်မှတ်ကိရိယာမှာ ပိုပြနေရင် အဲဒီလူကို ဆက်မောင်းခွင့် မပေးဘဲ မြို့ခံဆိုရင် အာမခံမယ့်သူ တစ်ယောက်ကို ဖုန်းဆက်ခေါ်ခိုင်းပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပြီး နောက်ရက် စည်ပင်တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်။ မြို့ခံမဟုတ်ဘဲ နယ်ကဆိုရင်တော့ မဖြစ်မနေ တစ်ညအိပ် ထိန်းသိမ်းမှာပါ'' ဟု လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

ရဲတပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကညန၊ ယကက၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များဖြင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိပါက စည်ပင်ပုဒ်မဖြင့် ဒဏ်ငွေ ကျပ်တစ်သောင်းမှ သုံးသိန်းအထိ ဒဏ်ငွေတပ် အရေးယူမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ညခင်းပိုင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်

အေးချမ်းမွန်

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map