<div style='background-color: none transparent;'></div>

Home » » ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲ ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်

ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲ ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်



Created on Friday, 16 August 2013 02:09

ကမ္ဘာကျော် ဂီတအဖွဲ့ Air Supply ၏ မြန်မာနိုင်ငံ ဖျော်ဖြေပွဲကို သြဂုတ် ၁၅ ရက်နေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ MCC ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် Air Supply တေးဂီတ အဖွဲ့နှင့်အတူ Iron Cross တီးဝိုင်းကလည်း အားဖြည့်ပါဝင် ဖျော်ဖြေခဲ့သည်ဟု သိရသည်။

ဖျော်ဖြေပွဲကို Iron Cross တီးဝိုင်းနှင့် အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့၏ တွဲဖက်သီဆိုမှုဖြင့် စတင်ခဲ့ပြီး Air Supply တီးဝိုင်း၏ ဖျော်ဖြေမှုဖြင့် ဆက်လက်တင်ဆက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့သည့် Air Supply တေးဂီတအဖွဲ့က ဖျော်ဖြေရေး ခရီးစဉ်နှင့် ပတ်သက်၍ အမှတ်တရ စကားကို ပြောကြားသည်။ ထို့နောက် ၎င်းတို့အဖွဲ့ သီဆိုပြီးနောက် ပရိသတ်များကြား ထင်ရှားခဲ့သည့် တေးသီချင်းများဖြစ်သည့် Nothing's Gonna Change My Love For You ၊ All out of Love၊ Goodbye၊ Making Love Out of Nothing at All၊ Lost in Love၊ Without You စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာအလှမယ် နန်းခင်ဇေယျာက အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်။

''ကမ္ဘာကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေလုပ်တာ ကောင်းပါတယ်။ ကိုယ်တိုင် ကြည့်ခွင့်ရဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေလေ။ ဒါပေမဲ့ ကမ္ဘာကျော် အဆိုတော်တွေ၊ တီးဝိုင်းတွေလာရောက် ဖျော်ဖြေဖို့အတွက် နေရာတွေ၊ ခန်းမတွေ၊ အသံစနစ်တွေ အများကြီး အားနည်းနေပါတယ်။ ကမ္ဘာကျော် အဆိုတော်တွေလာပြီး ဖျော်ဖြေရမယ့် နေရာက အ၀တ်အစားလဲခန်း ကောင်းကောင်း မရှိတာမျိုး၊ မီးအလင်း အမှောင်စနစ်တွေ ညံ့ဖျင်းနေတာမျိုးတွေက တော်တော်လေး ဆိုးပါတယ်။ လာဖျော်ဖြေတဲ့ သူတွေအတွက် တကယ်ကို အဆင့်မီတဲ့၊ လာကြည့်တဲ့သူတွေ အတွက်လည်း ဈေးဘယ်လောက်ကြီးကြီး ၀ယ်ကြည့်ရတာ တန်စေမယ့် နေရာမျိုးတွေရှိဖို့ လိုအပ်ပါတယ်'' ဟု ဗဟန်းမြို့နယ်မှ လာရောက် ကြည့်ရှုခဲ့သည့် ကိုထွန်းထွန်းက ပြောကြားသည်။

အဆိုပါ ဖျော်ဖြေပွဲသည် ကမ္ဘာကျော် အဆိုတော် Jason Maraz နှင့် Michael Learns to Rock အဖွဲ့တို့၏ ဖျော်ဖြေပွဲများအပြီး တတိယမြောက် လာရောက် ဖျော်ဖြေသည့် ကမ္ဘာကျော် အဆိုတော်အဖွဲ့၏ ဖျော်ဖြေပွဲဖြစ်သည်။

Air Supply ဂီတ အဖွဲ့သည် ၁၉၇၅ ခုနှစ် ၀န်းကျင်ခန့်က စတင် ဖွဲ့စည်းခဲ့သော ဂီတအဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့ သီဆိုခဲ့သည့် 'Making Love(Out of Nothing At All)' သီချင်းမှာ ထင်ရှားခဲ့သော တေးသီချင်း တစ်ပုဒ်ဖြစ်သည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map