<div style='background-color: none transparent;'></div>

Home » » ရန်ကုန်-မန္တလေးလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးလမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက် တစ်ဦးသေဆုံး



တောင်ငူ၊ သြဂုတ် ၁၄

မြဝတီ - တောင်ငူပြေးဆွဲသည့် ရွှေနတ်တောင် ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၁၆၂/၆ နှင့် ၁၆၂/၇ ကြား တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲကျေးရွာအုပ်စုတွင် သြဂုတ်လ ၁၄ ရက် နံနက် ၇ နာရီ ၄၅မိနစ်က အရှိန်လွန် တိမ်းမှောက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး လူငါးဦးဒဏ်ရာ ပြင်းထန်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

ဖူဆိုအမျိုးအစား ခရီးသည်တင်ယာဉ်သည် မြဝတီမြို့မှ သြဂုတ်လ ၁၃ ရက် နေ့နံနက် ၉ နာရီခန့်တွင် ခရီးသည် ၁၀ ဦးခန့် တင်ဆောင်ကာ တောင်ငူမြို့သို့ ထွက်ခွာလာပြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ အင်ဒိုင်းကျေးရွာ ဆောက်လုပ်ရေး တံတားခုံးတွင် အရှိန်လွန်ကာ ယာဉ်ကို မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်း သစ်ပင်ကို ဝင်တိုက်ရာမှ လမ်းဘေးတွင် ပက်လက်တိမ်းမှောက်ခဲ့ကြောင်း ကျွဲပွဲမြို့ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် အသက် ၃၀ အရွယ် ယာဉ်အကူ မျိုးမင်းဇော်သည် ယာဉ်အောက်တွင် ညပ်မိကာ သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး အပါအဝင် ငါးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် အုတ်တွင်းဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း ယာဉ်တိမ်းမှောက်မှုကို ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် အုတ်တွင်းမြို့နယ် မီးသတ်အရာရှိတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် ယာဉ်မောင်းသူ မောင်းနှင်ခြင်းမဟုတ်ဘဲ ယာဉ်လိုင်းပိုင်ရှင်၏ သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မင်းသိန်းကျော်က မောင်းနှင်ခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားမှောက်တဲ့အချိန်မှာ ယာဉ်အကူက ကားအောက်မှာ ပိပြီးသေနေပြီ။ ကျန်တဲ့လူတွေထဲမှာ အချို့ကို ပေါက်ပြားနဲ့မြေကိုတူးပြီး ဖော်ထုတ်ပေးခဲ့ရ တယ်။ လူနာတွေနဲ့ ခရီးသည်တွေကို အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးကားနဲ့ ၉ နာရီလောက်မှာ တင်ခေါ်သွားတယ်” ဟု ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူများကို သွားရောက် ကူညီဆောင်ရွက်ပေးသူ အင်ဒိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ပြောကြားသည်။

ခရီးသည်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင်သူ မင်းသိန်းကျော်ကို ယာဉ် (ပ) ၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း ကျွဲပွဲမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map