<div style='background-color: none transparent;'></div>

Home » » အချစ်ရဲ့ လတ်ဆတ်မှု _______________

အချစ်ရဲ့ လတ်ဆတ်မှု _______________



"ဝေါ်အိုက်နီ... ဝေါ်အိုက်နီ" လို့ တရုတ်လို လူတိုင်းပြောတတ်ကြသလို "ဝေါ်အိုက်နီ"က ဘာအဓိပ္ပာယ်လဲဆိုတာ လူတိုင်းလည်းသိကြပါတယ်နော်။ ပုံမှာပါတဲ့စာလုံးက ဝေါ်အိုက်နီဆိုတဲ့စကားထဲက "အိုက်" စာလုံးဖြစ်ပါတယ်။ "ချစ်" "အချစ်"ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒီ အိုက်ဆိုတဲ့ တရုတ်စာလုံး (愛)ကိုဆက်ထားတဲ့ တုတ်ချောင်းလေးတွေကို ဖြည်ကြည့်လိုက်တဲ့အခါ "(心)နှလုံးသား"နဲ့ "(受)လက်ခံ"ဆိုတဲ့ စာလုံးနှစ်လုံးကို ရပါတယ်။

နှလုံးသားနဲ့လက်ခံတယ်.. တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့လက်ခံမယ်၊ နှလုံးသားနဲ့ချစ်မယ် ဆိုတာပဲဖြစ်တယ်။ နှလုံးသားနဲ့ နားလည်လက်ခံနိုင်မှ အချစ်ဆိုတာ ဖြစ်လာခဲ့တာဖြစ်တယ်။

ထိုင်းနိုင်ငံထုတ် The Universal Daily News တရုတ်သတင်းစာဟောင်းတစ်ခုမှာ ကျွန်မဖတ်ဖူးတာက "အချစ်စစ်ရဲ့ အရှည်ကြာဆုံး လတ်ဆတ်မှုကာလက လ(၃ဝ)" ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်နိုင်ငံ Cornell University အချစ်စိတ်ပညာဗေဒပညာရှင် ပရော်ဖက်ဆာYi Luက အမေရိကန်မှာရှိတဲ့ အသက်(၂၅)နှစ်မှ(၄၅)နှစ်ကြား ဇနီးမောင်နှံအတွဲ(၅ဝဝဝ)ကို သုံးနှစ်ကြာ လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ ဆန်းစစ်လို့ရလာတဲ့ အဖြေတွေကို ကွန်ပြူတာနဲ့ဒေတာပြုစုပြီး ဆေးစိတ်ပညာနဲ့ ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

နောက်ဆုံးရလာတဲ့ရလဒ်မှာ အချစ်စစ်ရဲ့ အရှည်ကြာဆုံးလတ်ဆတ်မှုကာလက (၃)နှစ်ထက်မကျော်ကြောင်း တွေ့ရပါတယ်။ လတ်ဆတ်တဲ့ခံစားချက်တွေ ကုန်လွန်လာတာနဲ့အမျှ တစ်ဘက်သားရဲ့နှလုံးခုန်သံ မြန်မမြန်၊ လက်ဖဝါးမှာ ချွေးစေးထွက်မထွက်ဆိုတာကို အချင်းချင်း မခံစားနိုင်ခဲ့ကြတော့ပါဘူး။ အချင်းချင်းပွေ့ဖက်တဲ့ အားဟာလည်း အရင်ကပွေ့ဖက်တဲ့အားထက် ၅ပုံ ၃ ပုံနဲ့ ၅ ပုံ၂ပုံသာရှိကြောင်း တွေ့ရတော့တယ်။ နမ်းရှုံ့တဲ့အပူချိန်ဟာလည်း အရင်ကနမ်းရှုံ့တဲ့အပူချိန်ထက် ၅ပုံ၃ပုံနဲ့ ၅ပုံ၂ပုံသာရှိခဲ့ကြတော့တယ်။

တစ်ဆက်တည်းမှာပဲ ယောက်ျားမိန်းမအချင်းချင်း ဂရုစိုက်ကြည့်တတ်တဲ့ အကြည့်ဟာလည်း အရင်ကထက် ၅ပုံ၂ပုံနဲ့ ၅ပုံ၁ပုံ လျော့နည်းသွားတာတွေ့ရတယ်။ ပိုစိတ်ဝင်စားစရာကောင်းတာက ယောက်ျားလေးနဲ့ နမ်းရှုံ့တဲ့အခါ မိန်းကလေးတွေထောက်တတ်တဲ့ ခြေဖျားတွေဟာ အရင်ကထောက်တဲ့ ခြေဖျားထက် (၁)စင်တီမီတာ ဒါမှမဟုတ် (၂)စင်တီမီတာထိ နိမ့်သွားကြောင်း တွေ့ရပါတယ်။

ဒါကြောင့် ယောက်ျားနဲ့မိန်းမကြားက တကယ့်အချစ်စစ်ရဲ့ လတ်ဆတ်နိုင်မှုဟာ (၁၈)လမှ လ(၃ဝ)အထိပဲရှိခဲ့ပြီး အဲဒီထက်ကျော်လွန်တာနဲ့အမျှ လတ်ဆတ်နှုန်းတွေ တဖြေးဖြေးလျော့နည်းကုန်တယ်လို့ ဆန်းစစ်ချက်အရ တွေ့ခဲ့ရပါတယ်။

ကျွန်မထင်ပါတယ်.. အတူပေါင်းသင်းနေထိုင်ပြီး ကာလကြာလာတဲ့အမျှ တစ်ဦးအပေါ်တစ်ဦးထားတဲ့ သံယောဇဉ်က ချစ်သူဖြစ်ကာစ၊ ညားကာစထက် ပိုရင်းနှီးပြီး မောင်နှမ၊ တစ်အိမ်သားချင်းဆိုတဲ့ဘက် ကူးပြောင်းသွားခဲ့လို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုတွေ၊ ရင်ခုန်မှုတွေ လျော့နည်းကုန်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ချစ်ကြပြီ၊ ယူကြပြီဆိုမှတော့ တစ်ဘက်သားရဲ့အရာရာကို နှလုံးသားနဲ့ လက်ခံနားလည်ပေးတတ်ဖို့ လိုအပ်ပါတယ်။

အချစ်(愛)ဆိုတဲ့စာလုံးကို နှလုံးသား၊ လက်ခံနားလည်ဆိုတဲ့ စာလုံးနှစ်လုံးနဲ့ တည်ဆောက်ထားလို့ပဲဖြစ်ပါတယ်။


နိုင်းနိုင်းစနေ..................မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map