<div style='background-color: none transparent;'></div>

Home » » အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ

အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ




 အနှိပ်ခန်းသို့ သွားရောက်ခဲ့သော ရဲနှစ်ဦးရိုက်နှက်ခံရသည့် အမှုတစ်ခု သြဂုတ် ၂၃ ရက်ညက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းက နောက်တစ်နေ့တွင် အမှုဖွင့်ပြီးဆောင်ရွက်နေ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကနဦးတွင် ထိုအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ၎င်းကို စားသောက်ဆိုင်တစ်ခုအနီးတွင် အမည်မသိ လူများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည်ဟု ထွက်ဆိုထားသည်။

ထိုသို့ထိုးကြိတ်သဖြင့် သူ၏ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ခုံတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ နဖူးစုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသခံခဲ့ရကြောင်း ရဲဌာနတွင် ပြန်လည်တိုင်တန်းထွက်ဆိုခဲ့သည်။

သို့သော် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိများက ထိုသို့တိုင်တန်းထွက်ဆိုမှုကို သေချာစေရန် အသေးစိတ် ထပ်မံ၍ စစ်ဆေးသောအခါ၌မူ တရားလိုဖြစ်သော အချုပ်ယာဉ်မောင်း ဒု-တပ်ကြပ်မျိုးမြင့် သည် သြဂုတ် ၂၃ ရက် ညက သူ့သူငယ်ချင်း ဒု-တပ်ကြပ် အောင်ဖုန်းမြင့်နှင့်အတူ စားသောက်ဆိုင်တစ်ခု တွင် စားသောက်ခဲ့ကြောင်း၊ ထို့နောက် ည ၁၁ နာရီခန့်တွင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း တစ်ခုသို့ ထပ်မံသွားရောက်စဉ် ၀ိုင်းဝန်း ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ပြင်ဆင်ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူတို့နှစ်ဦးသည် အနှိပ်ခန်းသို့ သွားရောက်ပြီး အနှိပ်ခန်းဖွင့်၊ မဖွင့် မေးမြန်းရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ် ကာ လူတစ်ဦးနှင့် စတင်စကားများသည်နှင့် လူငါးဦးခန့်က တုတ်ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့ သည်ဟု ယင်းအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ဆက်လက်ထွက်ဆိုထားသေးသည်။

ထိုသို့ ၀ိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဒု- တပ်ကြပ် မျိုးမြင့်သည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရသလို၊ သူ့သူငယ်ချင်း ဒု- တပ်ကြပ် အောင်ဖုန်းမြင့်သည်လည်း ၎င်းရရှိထားသည့် ဒဏ်ရာများကို သင်္ဃန်းကျွန်း ဆေးရုံတွင် ဆေးကုသခဲ့ရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ဒု-တပ်ကြပ် မျိုးမြင့်၏ တိုင်တန်းမှုကို ဘုရင့်နောင် နယ်မြေရဲစခန်းက အမှုအမှတ် (ပ)၃၁၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ရိုက်မှုကျူးလွန်သူဟု သံသယရှိသည့် အနှိပ်ခန်း မန်နေဂျာနှင့် စားပွဲထိုးလေးဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ဘုရင့်နောင် ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်မှုအရ ဒု-တပ်ကြပ်နှစ်ဦးကိုလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ရဲဌာနများသို့ အသီးသီး တင်ပြဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

Today Myanmar.................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map