<div style='background-color: none transparent;'></div>

Home » » မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ

မသန်စွမ်းကျောင်းသူ မစုပုံချစ် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ



သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သြစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ
Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

၎င်းကပင် ''မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ်။ အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို
လေ့လာဖို့ပါ။ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ'' ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။



မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို သြစတြေးလျနိုင်ငံ၊
ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း
ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို
သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း ''သူများတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာ
တွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ၀မ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ'' ပြောပြခဲ့သည်။
ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ
ပြည်ပတွင် ပညာသင်ယူရမည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့် မိဘများအနေဖြင့်လည်း အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။

မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူ
တစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘ၀ကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည် မစုပုံချစ်

မွေးသက္ကရာဇ် ၅.၉.၁၉၈၉

မိဘအမည် ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့

ဆယ်တန်းအောင်သည့်ခုနှစ် ၂၀၀၅ / သချာင်္၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ

အမှတ်ပေါင်း ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ

ရရှိခဲ့သည့် ဘွဲ့များ B.Tech (IT) , B.E (IT)

ရရှိခဲ့သည့်ဆုများ စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား )
အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)
ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်)
ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)
ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်


ဓာတ်ပုံ - သြစတြေးလျနိုင်ငံသို့ မထွက်ခွာမီ မစုပုံချစ်ကို မိဘများနှင့်အတူ
တွေ့ရစဉ်

Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map