<div style='background-color: none transparent;'></div>

Home » » နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ

နန်းခင်ဇေယျာ စတင်ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးများ



      မြန်မာ အင်တာနက်မယ် နန်းခင်ဇေယျာတစ်ယောက် ဘီကီနီ ၀တ်ပြီး မြန်မာ့ ဂုဏ်ဆောင်ချိန်တွင် ဆရာ သက် တန့်ချိုမှ ပိတ်ထားသော မျက်လုံးများ ဖွင့်ကြည့်စေချင် ဆိုသည့် ဆောင်းပါးလေးဖြင့် ကျွန်တော်တို့ မျက်လုံးများ ကို ဆွဲဖွင့်ပေးခဲ့သည်။ မြန်မာဆိုသည့် အမျိုးချစ်စိတ်ဖြင့် နည်းလမ်းအမျိုး မျိုးကြိုးစားကာ Like များ ပေးခြင်းဖြင့် သူမသည် အင်တာနက်မယ် ဖြစ်ကာ သူမ၏ မလုံတလုံပုံများ မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာများမှ ဖော်ပြကြ သည်။ နန်းခင်ဇေယျာပုံများ ကုန်သည့်အခါ အခြားအလှမယ်များ၏ ဘီကီနီများကို ဖော်ပြကြသည်။ ထို့နောက် ထို့နောက်တွင်တော့ celebrities တွေရဲ့ မဖုံးနိုင်မဖိနိုင်ပုံများ တရားဝင်၊ တရားမ၀င် ထွက်လာကြလေသည်။


နောက်တစ်ကြိမ် လာမည့် Miss International ပြိုင်ပွဲအတွက် စကာတင် ၁၈ ဦး ရွေးချယ်ထားကြောင်း၊ အကောင်းမွန်ဆုံး ဖြစ်အောင် လေ့ကျင့်ပေးနေကြောင်း ရုပ်သံမီဒီယာများမှ ကြေငြာသည့်အခါ ဘယ်နေ့များ ဘီကီနီဖြင့် လေ့ကျင့် ပြိုင်ပွဲဝင်ကြမည်နည်း ဆိုသည့် အတွေးဝင်လာခဲ့သည်။ အပြိုင်အဆိုင် ပြိုင်ပွဲဝင်နေကြ သည့် အလှမယ်များကို ကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတွင် ဟီရိသြတပ ဆိုသည့် အရှက်တရား မရှိတော့ ပြီလား ဟု တွေးပူမိလေသည်။ မြန်မာ မိန်းကလေးတစ်ယောက်၏ ကိုယ်ကာယ အလှကို ပွင့်လင်းမြင်သာ သည့် ခေတ်၊ ဆုတံဆိပ်၊ နာမည်ကြီးမှုတို့နှင့် အလွယ်တကူ လဲလှယ်သည့် ခောတ်ကို ရောက်နေသည် ဆိုပါက ကျွန်တော် ခေတ်နောက်ကျ ကျန်နေပြီလို့ ၀န်ခံပါသည်။

ပြောလည်းပြော ဒေါင်းလုပ်လဲချရင်း မြန်မာမယ်တို့၏ အဖော်အချွတ်၊ မဖော်မချွတ်၊ ဗီဒီယို၊ဓာတ်ပုံများ ကွန်ပျူ တာ ထဲတွင် အပြည့်ရှိပါသည်။ သို့သော် မိသားစု၊ မောင်နှမ ရှေ့တွင် ဖွင့်ကြည့်ခြင်း မရှိပါ။ HBO ရုပ်သံလိုင်းမှ တိုက်တန်းနစ် အထွပ်အထိပ် ပန်းချီဆွဲခန်းကိုပင် လိုင်းပြောင်းကြည့်ရသည့် မိသားစုများ မြန်မာနိုင်ငံတွင် ၉၈ ရာခိုင်နှုန်း နေထိုင်ပါသည်။ စတိတ်ရှိုးပွဲများ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လျှပ်ပေါ်လော်လီသည့် အပြင်အဆင် အ၀တ် အစားများကို တွေ့ပါက အရှက်နည်းလိုက်တာ၊ ၀တ်ရဲလိုက်တာ ဟူ၍ ပြစ်တင်ဝေဖန်သူ ၉၈ ရာခိုင်နှုန်း ရှိပါသည်။သို့ပါဆိုလျှင် မည်သည့်အတွက် အဖော်အချွတ်များကို အစိုးရမှ တရားဝင် ခွင့်ပြုပေးနေသနည်း။

အီရန်၊ဆော်ဒီ၊ အာဖဂန် တို့ကဲ့သို့ ၀တ်စားရမည်ဟု မဆိုလို။ နယ်မြို့များတွင် စကပ်တို ပေါင်ပေါ်ဝတ်လျှင်ပင် ရိုင်းသည်၊ လျှပ်ပေါ်သည်ဟု ယူဆချိန်တွင် ရန်ကုန်၌ မြန်မာမလေးများ အတွင်းခံဝတ်ပြီး ရှိုးပွဲ စလေပြီ ဖြစ် သည်။ လက်ခံသူ များစွာရှိသကဲ့သို့ လက်မခံသူ များစွာလည်း ရှိသည်။ ရင်ဟိုက်၊ လည်ဟိုက်လျှင်ပင် ဆင်ဆာ တားထားသည့် ဇာတ်ကားများ၊ နှုတ်ခမ်းချင်းစုတ် နမ်းလျှင် ဆင်ဆာဖြတ် ကျော်ပစ်သည့် ဇာတ်ကားများကို ကျွန်တော်တို့ မိသားစုများ စိတ်ဝင်တစား ကြည့်ကြသည်။ ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ချွတ်နိုင်ပါက မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအရ ဖြတ်သည့် ဆင်ဆာမရှိတော့ ပါ။

ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမျိုးသားအမွေအနှစ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် မြန်မာ နိုင်ငံ၏ လမ်းဆုံလမ်းဂွ ဗီနိုင်းဘုတ်များတွင် ရေကူးဝတ်စုံများဖြင့် ကော့ပျံနေသည့် မော်ဒယ်များကို မမြင်လိုတော့ပါ။ ဒီပုံအတိုင်းဆိုပါက ပိုးအိစံ ထုတ်ဝေခဲ့သည့် အကဲလေး ဂျာနယ်အပါအ၀င် ဂျာနယ်များကို သတိပေးခဲ့ခြင်းသည် အလုပ် မဖြစ်တော့ပါ ဆိုသည်ကိုလည်း သတိမူရပေမည်။

နန်းခင်ဇေယျာ စတင် ဆွဲဖွင့်ခဲ့သော ယဉ်ကျေးမှု တံခါးသည်ကား အဆုံးစွန်ပွင့်ရန် လက်တစ်လုံးခန့်သာ လိုပါတော့သည်ဟုသာ…

refer by: myanmardailynews
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map