<div style='background-color: none transparent;'></div>

Home » » မည်သို့ပင် ဆိုစေ . . . .(Living Together )

မည်သို့ပင် ဆိုစေ . . . .(Living Together )



              မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊ သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့် အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။
ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together ။

မြန်မာ့ထုံးတမ်း အစဉ်အလာအရ အငြင်းပွား ဖွယ်ရာ ကောင်းသည့် လူမှုပုံစံ တစ်ခုဖြစ်သည့် Living Together သည် မိသားစု နှုန်းစံမြင့်မားဆဲ ဖြစ်သည့်၊ အစဉ်အလာယဉ်ကျေးမှု နှုန်းစံများ မြင့်မားဆဲဖြစ် သည့် မြန်မာ့လူမှု နယ်ပယ်တွင် ပေါ်ပေါ်ထင်ထင် မတွေ့မြင်ရပေ။ ထို့ကြောင့် မည်ရွေ့မည်မျှ ရှိသည်ကို သိရှိရန် မဖြစ်နိုင်ပေ။ သို့သော် မိသားစုနှင့်အဝေး၊ ယဉ်ကျေးမှုနှုန်းစံများနှင့် အဝေးဖြစ်သည့် ပြည်ပ နိုင်ငံ များသို့ ရောက်သွားသည့်အခါ Living Together ဟူသည့် အသံသည် ပိုကျယ်လာသည်။ ထင်သာမြင် သာ ရှိလာသည်။

ကိုထွန်းဦးသည် လုပ်သားပေါင်း ၁၀၀၀ ကျော်ရှိသည့် စင်ကာပူ ဆိပ်ကမ်းတွင် အလုပ်လုပ်ခဲ့ သူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာပြည်၌ ပြန် အခြေချနေသူ ဖြစ်သည်။ သူ့အဆိုအရ Living Together နေထိုင်သူ များသည် ပထမအဆင့် အွန်လိုင်းတွင် တွေ့၊ နောက်မှ အပြင်မှာချိန်းတွေ့ ကြပြီးမှ နေထိုင်ကြသည်က များသည်။
“ဒီနိုင်ငံမှာက တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးမှု မရှိဘူး။ အဲဒါက Living Together နေဖြစ်ဖို့ကို တွန်းအားပေးတယ်” ဟု ကိုထွန်းဦးက သူ့အမြင်ကို ဆိုသည်။

ထို့အတူ စင်ကာပူတွင် ကျောင်းတက်နေသည့် အသက် ၁၈ မှ ၂၀ အရွယ် မြန်မာကျောင်းသားများ သည်လည်း Living Together နေထိုင်သူ အများအပြားရှိပြီး အလုပ်လုပ်နေသူများ ထက်ပင် များနိုင်ကြောင်း ကိုလှိုင်စိုးက ဆိုသည်။

မိဘနှင့် ဝေးနေခြင်း၊ အချိန်အားများခြင်း၊ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရခြင်း၊ ပိုက်ဆံကို အလွယ်တကူ ရနိုင်ခြင်းနှင့် အင်တာနက်တို့ကြောင့် Living Together နေသူ ကျောင်းသားကျောင်းသူ ပိုများကြောင်း စင်ကာပူ နိုင်ငံတွင် ၂ နှစ်ကြာ ပညာ သင်ကြားခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုလှိုင်စိုးက ဆိုသည်။

ကိုထွန်းဦး အဆိုအရ Living Together နေထိုင်ဖြစ်ရန် ငွေကြေးအရ ၄၀ ရာခိုင်နှုန်း၊ လူမှုရေး အရ ၃၀ ရာခိုင်နှုန်း၊ သွေးသားဆန္ဒအရ ၃၀ ရာခိုင်နှုန်း တွန်းပို့သည်။ ငွေကြေးအရ အကူအညီ တောင်းရင်း Living Together နေဖြစ်သွားသည်များရှိသလို ရောမရောက် ရောမလို ကျင့်ဟူသည် ပတ်ဝန်း ကျင်ကြောင့် နေဖြစ်သွားသည်များလည်း ရှိကြောင်း ကိုထွန်းဦးက ဆိုသည်။

ကိုလှိုင်စိုး၏အဆိုအရ ငှားနေသည့် အိမ်သည် မြန်မာအိမ် ဆိုလျှင် Living Together နေဖြစ်ရန် နည်း သည်။ အိမ်ရှင်က စင်ကာပူ ဖြစ်နေလျှင် Living Together နေဖြစ်သွားသည်က များသည်။ စင်ကာပူ ကဲ့သို့ပင် မလေးရှားတွင်လည်း Living Together နေသည့် မြန်မာ အများအပြား ရှိသည်ဟု ကိုခန့်မင်းက ဆိုသည်။
“တော်တော်များများက မလေးရောက်ပြီး မကြာခင်မှာရည်းစားတွေရကြပြီး Living Together နေသွားကြ တာ များတယ်”ဟု သူမြင် တွေ့နေရသည့် အခြေအနေကို ပြောပြသည်။ သူအမြင်အရ လက်ထပ်မည် ဟု လေးလေးနက်နက် စဉ်းစားပြီး Living Together နေလျှင် ကောင်းသည်။ သို့သော် မလေးရောက် မြန်မာများသည် တခြားငွေကြေးနှင့် သွေးသားဆန္ဒအပေါ်တွင် အခြေ တည်ပြီး နေသည် က များသည်။ ယင်းသို့နေထိုင်မှု နှင့်ပတ်သက်၍ ကိုခန့်မင်းက “ကိုယ်ကောင်းတယ် ထင်ရင်လုပ်၊ ကိုယ်ဖြစ်ကိုယ်ခံ” ဟုဆိုသည်။

စိတ်ပညာရှင် Dr. Scott Stanley က ဘယ် အချိန်၊ ဘယ်နေရာမှာ၊ ဘာကြောင့် Living Together နေ တယ် ဆိုတာအပေါ် အုပ်စုအမျိုးမျိုး ကွဲပြားသွားကြသည်မှာ စိတ်ဝင်စားဖွယ် အတော် ကောင်းသည်ဟု မှတ်ချက်ပြုသည်ကို USA Today တွင်ဖော်ပြသည်။

Living Together ကို လက်ခံသူများသည် “လက်ထပ်ပြီးကာမှ မှားမှန်းသိရက် နောက်ဆုတ် ရခက်သည် ထက် စာလျှင် လက်မထပ်ဘဲအတူတူ နေပြီး တစ်ယောက်ကိုတစ်ယောက် လေ့လာပြီး ကာမှ လက်ထပ် သည်က ပိုကောင်းသည်” ဟူသည့် အယူအဆ ရှိကြသည်။

ယင်းအယူအဆကို လက်ခံသူများထဲတွင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် စီးပွားရေးပညာ သင်ယူနေ သည့် အသက် ၂၇ နှစ်အရွယ် မဝင်းမော်အေးလည်း အပါအဝင် ဖြစ်သည်။ သူမက လက်ထပ် ထိမ်းမြားခြင်းမှာ အလွန်တရာ ရှုပ်ထွေးပြီး တရားဝင်လိင်ဆက်ဆံခွင့် ပြုလိုက်ခြင်းသက်သက်မဟုတ်။ လူနှစ်ဦး အတူနေတာလည်း မဟုတ်။ မိသားစုဆွေမျိုး အသိုင်းအဝိုင်းနှစ်ခု ပေါင်းစည်းခြင် ဖြစ်ကြောင်း ဆိုသည်။
သူမအနေဖြင့် ဓလေ့ထုံးတမ်း စဉ်လာ ဘာသာတရား ကျင့်ဝတ်များဖြင့် သတ်မှတ်ပြဋ္ဌာန်း ထားတာမျိုး မဟုတ်လျှင် နေမည်။ ထိုင်းတွင်လည်း Living Together နေသူ များစွာရှိသည်ဟု ဆိုသည်။ ရာခိုင်နှုန်း တစ်ခုခု ကိုမူ သူမ မခန့်မှန်း ပေးနိုင်ပေ။

မိမိချစ်သူနှင့် အတူ Living Together ခြောက်လ နေခဲ့သည့်သတင်းထောက်တစ်ဦးဖြစ်သူ ကိုဆန်းမောင် အမြင်မှာ Living Together သည် အိမ်ထောင်ရေး မူကြိုဖြစ်သည့်အတွက် နေသင့်သည်။ မြန်မာ့ လူ့အဖွဲ့ အစည်း အတွက်ဆိုလျှင် Living Together နေထိုင်ခြင်း သည် ဖောင်ဖျက်လိုက်သည်နှင့် တူသည်ဟု သူကဆိုသည်။

ကိုဆန်းမောင်၏ အမြင်နှင့်ကွဲပြားသည်မှာ စက်မှုအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုစိုးအောင် ဖြစ်သည်။ သူ့အမြင်အရ တကယ်လို့သာ နှစ်ဖက် စလုံး၏ မိဘနှင့်သားသမီးကြားတွင် ပွင့်လင်းမှုရှိလျှင် Living Together နေစရာ မလိုဘဲ လေ့လာ နိုင်သည်ဟု ဆိုသည်။ သို့သော် စင်ကာပူ ကဲ့သို့သော ပြည်ပနိုင်ငံ သို့ ရောက်လျှင် Living Together နေဖြစ် သွားလိမ့်မည်ဟု ဆိုသည်။
သူ့အကြောင်းပြချက် မှာ “ဂုဏ်သိက္ခာ ဆိုတာ လူ့အဖွဲ့အစည်းက တိုင်းတဲ့ ပေတံပါ။ ကိုယ်ကျင့်တရား ကတော့ ကိုယ့် ရင်ထဲက ပေတံ၊ ကိုယ့်ဟာကိုယ် တိုင်းတဲ့ပေတံ”

University of Denver ရှိ The Center for Marital and Family Studies ၏ တွဲဖက် ဒါရိုက်တာ ဖြစ်သူ စိတ်ပညာရှင် Dr. Scott Stanley က Living Together နေထိုင်ခြင်းသည် ရေရှည် ဆက်ဆံရေး အတွက် မည်သည့် ကောင်းကျိုးမျှ မရှိဟုဆိုသည်။ သူ့အဆိုအရ Living Together နေထိုင်ခြင်းသည် အိမ်ထောင်ရေးတွင် ကောင်းမွန်သည့် ဆက်ဆံရေးကို မဖြစ်စေခြင်း၊ အိမ်ထောင်မှု ဘဝအပေါ် စိတ်ကျေ နပ်မှု နိမ့်ပါးခြင်း၊ အိမ်ထောင်ရေး မငြိမ်မသက်မှုများခြင်း၊ အမျိုးသားများ ခင်ပွန်း ဖြစ်မှုနည်းခြင်း၊ အိမ်ထောင်ပြိုကွဲမှု အတွက် အလားအလာ များခြင်း တို့ကို ဖြစ်စေသည်။

ကိုလံဘီယာ တက္ကသိုလ်၏ လူပေါင်း ၁၃,၀၀၀ ကို မေးမြန်း ခဲ့သည့် လေ့လာမှု အရ Living Together နေသူ အမျိုးသား ၁၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၆ ရာခိုင်နှုန်း သာလျှင် သူတို့ Living Together နေသူနှင့် လက်ထပ်ဖြစ်ကြကြောင်း www.leaderu.com တွင် ဖော်ပြသည်။

၁၉၉၄ ခုနှစ်ထုတ် သင့်ဘဝ မဂ္ဂဇင်းပါ မောင်ရဲသူ(မဟာဥပဒေ) ၏ လက်မထပ်ဘဲ အတူ နေခြင်းနှင့် ပတ်သက်၍ ဆောင်းပါးတွင် Living Together နေသူများသည် တစ်ဦးကို တစ်ဦး ပိုသိ သည့်အတွက် ကွာရှင်းပြတ်စဲရန် အခွင့်အလမ်း နည်းသည်ဟု ထင်ကြ သော်လည်း Living Together နေပြီးမှ လက်ထပ်သူ များသည်၊ ရိုးရိုး လက်ထပ်သူများ ထက် ကွာရှင်းပြတ်စဲရန် ၃၃ ရာခိုင်နှုန်း ပိုများသည်ဟု ဆိုသည်။

သို့သော် စိတ်ရှုပ်ထွေးစရာ ကောင်းသည်မှာ သုသေတနပြုသူများ ကြားတွင်လည်း ဝိဝါဒကွဲပြား စရာ ရလဒ်များ၊ အမြင်များ အမျိုးမျိုး ရှိကြသည်။ USA Today တွင်ဖော်ပြထားသည့် ၂၀၁၀ ပြည့် နှစ်အတွင်း ထွက်လာသည့် စာတမ်းတစ်စောင်က Living Together သည် အိမ်ထောင်ရေးအတွက် အနည်းငယ် အထောက်အပံ့ဖြစ်သည် ဟူ၏။ ယင်းအပေါ်တွင်လည်း ပညာရှင်များက အငြင်းပွားချက်များစွာ ထုတ်ပြန် ထားကြသည်။

လက်ရှိတွင် ဖခင်လောင်းတစ်ဦး ဖြစ်နေ သည့် ကိုထွန်းဦးက Living Together နေမည် မဟုတ်ဟု ဆိုသည်။ “နှမချင်း စာနာလို့၊ ကိုယ်ချင်းစာလို့”ဟု ၄င်းက ဆိုသည်။ Living Together နေထိုင်ခြင်းသည် မည်သည့် တုပ်နှောင်မှုမှမရှိသည့်အတွက် Living Together နေသည့် သက်တမ်းကြာလေ လက်မထပ်ဖြစ်ဖို့ ရာခိုင်နှုန်း များလေဟု ကိုထွန်းဦးက သူ့အတွေ့အကြုံနှင့် ယှဉ်၍ဆိုသည်။

ယင်းသို့ Living Together နေရာတွင် အကြီးမားဆုံးရင်ဆိုင် ရနိုင်သည်မှာ ကလေးပြဿနာ ဖြစ်သည်ဟု ကိုထွန်းဦးကဆိုသည်။ Living Together နေရင်း ကလေး ရလာသည့်အခါ ငွေကြေး နှင့် မိမိရောက်နေ သည့် နိုင်ငံ၏ ကလေးဖျက်ချခွင့် ရှိ၊ မရှိအပေါ် မူတည်၍ အဆင်ပြေသည့် နည်း လမ်းဖြင့် ဝိုင်းဖျက်ကြပြီး တချို့မှာ ကလေးရချိန် တွင် ပစ်သွားသည် များလည်းရှိကြောင်း ကိုထွန်းဦး က စင်ကာပူရောက် မြန်မာ များ၏ အခြေအနေကို ပြောပြသည်။

ဆရာမြသန်းတင့် ဘာသာပြန်သည့် မိန်းမ တို့အကြောင်း (မူရင်း – The Second Sex, Written by Simone de Beauvior) စာအုပ်တွင် “အမျိုးသမီး များနှင့် ရင်းနှီးစွာ နေထိုင်ခြင်းသည် အမျိုးသား များ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည်။ နေ့စဉ်ပေါင်းသင်း ဆက်ဆံရာတွင်ဖြစ်စေ၊ ပထမဆုံးနမ်း ပြီးသည့် နောက်တွင်ဖြစ်စေ၊ မင်္ဂလာဦးညလွန်မြောက်သွားပြီးသည့်အခါဖြစ်စေ ယောက်ျား၏ ဂုဏ်သိက္ခာ ပြိုကျသွားလေ့ ရှိသည်ဟု သုံးသပ် ဖော်ပြသည်။

ယင်းမှာ အမျိုးသမီးများ၏ရှုထောင့်မှ ဖော်ပြထားခြင်းဖြစ်ပြီး အမျိုးသားများ၏ ရှုထောင့်မှာလည်း ယင်းနှင့် မခြား ရှိသည်ကို မေးမြန်းမှုများအရသိရသည်။

ယင်းကဲ့သို့ Living Together နေခြင်းတွင် များပြား လှစွာသော အားနည်းချက် များကို တွေ့ ရသည့်အခါ အားသာချက်များကော မရှိဘူးလား ဟု တွေးစရာ ပေါ်လာသည်။ အားလုံး တညီတညွတ် တည်း ပြောကြ သည်မှာ လက်ထပ်ပြီးမှ ကွဲသွား တာထက် စာရင် ကောင်းတယ်။

တခြားကော … ပြည်ပရောက် မြန်မာများတွင် လူပျိုလူလွတ် များက Living Together များ ရှိသလို မိမိ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ မြန်မာပြည်တွင် ကျန်ခဲ့သည့် အိမ်ထောင်သည်များလည်း Living Together နေထိုင်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ အိမ်ထောင်ရှိသူများ Living Together နေထိုင်ခြင်းသည် ဗုဒ္ဓဘာသာ၏ သိက္ခာပုဒ်အရ ကာမဂုဏ်များ ဖောက်လွဲ ဖောက်ပြန်ပြု ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်သည့် ကာမေသုမိစ္ဆာ သိက္ခာပုဒ်ကို ကျူးလွန်ရာ ရောက်ကြောင်းအရှင် ဝိစိတ္တ(မနာပဒါယီ) ၏ Living Together နှင့် ကာမေသုမိစ္ဆာစာ ရ ဆောင်းပါးတွင် ရေးသား ထားသည်။ ယင်းကို ပါရာဇိကဏ် အဌာကထာ တွင် ဖွင့် ထားသည်။
ယင်း သိက္ခာပုဒ်သည် တစ်လင် တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားခြင်း ဖြစ်ပြီး မိမိ၏ လင်ယောက်ျား၊ မိမိဇနီးမယားမှ လွဲ၍ မည်သူ့ကိုမျှ၊ မည်သည့် အကြောင်းကြောင့် မျှ ဖောက်လွဲဖောက်ပြန် မပြုရဟု တားမြစ်ထားခြင်း ဖြစ်ပါသည်။

အိမ်ထောင်သည် ယောက်ျားများအတွက် ဖောက်လွဲဖောက်ပြန် မပြုအပ်သည့် မိန်းမ၊ မသွားလာအပ် သည့် မိန်းမ (အဂမနီယ) (၂၀) ရှိပြီး ပထမရှစ်ဦးမှာ ကာမပိုင်မရှိသည့် အပျိုစင်များ ဖြစ်ကာ ဒုတိယ ၁၂ မျိုးမှာ ကာမပိုင် ယောက်ျားရှိသည့် မိန်းမများဖြစ်သည်။

ပထမရှစ်မျိုးနှင့် ဖောက်လွဲဖောက်ပြန် ပြုလျှင် ဖောက်ပြန်သူ ယောက်ျားက ကာမေသုမိစ္ဆာစာရ ကံ ထိုက်ပြီး၊ အမျိုးသမီးများ မိမိကာမ မိမိသာ ပိုင်သည့်အတွက် ကံမထိုက်ပေ။

ဒုတိယ ၁၂ မျိုးသည် ကာမပိုင် ရှိသည့်အတွက် ယောက်ျားတွင်လည်း ကာမေသုမိစ္ဆာစာရကံ ထိုက်သလို မိန်းမသည်လည်း မိမိကာမပိုင်မဟုတ်သည့် အခြားယောက်ျားနှင့် ဖောက်ပြန်သည့် အတွက် ကာမေသုမိစ္ဆာစာရ ကံ မြောက်ပေသည်။

သို့သော် ကာမေသုမိစ္ဆာစာရကံ မြောက်စေသည့် အချက်များနှင့် ကိုက်ညီမှသာ ယင်းကံ ထိုက်သည်ကို မမေ့အပ်ပေ။ ယင်းကံကိုထိုက်စေသည့် အင်္ဂါရပ်တစ်ခုခု ချွတ်ယွင်း နေလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ပေ။ အထူးသတိထားရမည်မှာ ယောက်ျားလေးကလည်း တရားဝင်ကာမပိုင် ရှိနေနိုင်သလို၊ မိန်းကလေးမှာလည်း တရားဝင်ကာမပိုင် ရှိနေနိုင်သည့်အတွက် မိမိ Living Together သည် ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက်ကို အထူးဆင်ခြင် သတိပြုသင့်ပေသည်ဟု အရှင်ဝိစိတ္တ၏ Living Together နှင့် ကာမသုမိစ္ဆာစာရ ဆောင်းပါးတွင် ဖော်ပြထားသည်။

အားလုံးကို ခြုံကြည့်လျှင် ပညာရှင်များကြားတွင်လည်းအငြင်းပွားစရာ ဖြစ်နေသည့်နေထိုင်မှုပုံစံ တစ် ခုဖြစ်သော Living Together နေထိုင်သူများသည် မိမိ၏လက်တွဲဖော်ဖြစ်ရန် သင့်မသင့် စဉ်းစားချက် များဖြင့် နေသည်များရှိသလို၊ ငွေကြေးအခြေပြု၊ သွေးသားဆန္ဒအခြေပြု နေထိုင်သူများလည်းရှိသည်။ အားလုံးတစ်သံတည်း ထွက်သည်မှာ လက်ထပ်ပြီးမှမှားမှန်း သိတာထက်စာရင်တော့ ကောင်းသည်။ သို့သော် ကိုယ်တွေ့ကြုံရသူများ၊ သုသေတနပညာရှင်များ၏ အဆိုအရ ပြဿနာများစွာ ရှိနေသည်။ ဘာသာရေးအရလည်း စည်းကျိုးမှုများ ဖြစ်နိုင်သည်။

ရုပ်ရှင်ရိုက်သည့်အခါ အစမ်းသရုပ်ဆောင်ကြည့်ခြင်း ရှိသည်။ သူ့တွင် ဖလင်သာ ကုန်၍ ကျန်သည့်ပြဿနာ မရှိပေ။ သို့သော် လူ့ဖြစ်တည်မှု အရေးကြီးဆုံးများထဲတွင် တစ်ခုဖြစ်သည့် အိမ်ရာ ထူထောင်ခြင်းတွင် အစမ်းပြုလုပ် သင့်ပါသလား။ ပြဿနာများစွာ ရှိသည်မှာ အသေအချာပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်တော် တို့ အစမ်း အိမ်ထောင့်ပြုသင့် ပါသလား။

ဆောင်းပါးပါ အမည်များကို ကာယကံရှင် များ၏ဆန္ဒ အရ ပြောင်းလဲ ထားပါသည်။

(ဟန်ထက်)
The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map