<div style='background-color: none transparent;'></div>

Home » » တောင်ကိုရီးယားနိုင်ငံကို ဗိုလာဘဲန် (BOLAVEN) တိုင်ဖုန်း ၀င်ရောက် (ယခုအချိန်ထိ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦး)

တောင်ကိုရီးယားနိုင်ငံကို ဗိုလာဘဲန် (BOLAVEN) တိုင်ဖုန်း ၀င်ရောက် (ယခုအချိန်ထိ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦး)


ကိုရီးယားသတင်းများမှ
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၇ ရက် ညနေပိုင်းက ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက် လှပတဲ့ ဂျဲဂျူကျွန်းသို့ တိုင်ဖုန်း အမှတ် ၁၅ ဗိုလာဘဲန် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ယနေ့ သြဂုတ် ၂၈ ရက်၊ နေ့လည် ၁ နာရီ ကျော်အချိန်တွင် ဆိုးလ် (ဆောအုလ်) မြို့ဆီကို ၁၂၀ ကီလိုမီတာ အရှိန်ဖြင့် ၀င်ရောက် တိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ မုန်တိုင်း တိုက်ခတ်နေစဉ် လေပြင်းဒဏ်ကြောင့် ဂျောန်လာပြည်နယ် ဂွာန်ဂျူမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပေါ်ကနေ အသက် ၈၉ နှစ် ရှိ အဖွာအိုတဦး ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ခန်းများ စောင့်နေတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ လေပြင်းနဲ့အတူ လွင့်ပါပြီး ကုန်သေတ္တာ (ကွန်တိန်နာ - Container) စောင်းနဲ့ ထိပြီး သေဆုံးခဲ့ကြောင်း၊ ဂယောင်ဂီပြည်နယ် အန်ဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသားတဦးလည်း လေပြင်းမုန်တိုင်းနဲ့ ပါသွားပြီး အဆောက်အအုံတိုင်နဲ့ ထိမိပြီး ပေါင်ကျိုးသွားကြောင်း ကိုရီးယား သတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။ အခု သတင်းရေးသားချိန် (ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်) တွင် ဂယောင်ဂီပြည်နယ် ပူချွန်း ဒေသတ၀ိုက်ရှိ အိမ်အချို့ရဲ့အပေါ်ထပ် အမိုးအကာအချို့ ပြုတ်ကျနေပြီး လူများ လွင့်ပါသွားတော့မယ့်အလား လေပြင်းများ တိုက်ခတ်နေကြပါတယ်။ အဲဒီဒေသ အနီးအနားမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသား အချင်းချင်းကလည်း သတိထား နေထိုင်ကြဖို့၊ ကူညီကြဖို့ အပြန်အလှန် တယ်လီဖုန်းဆက် ပြောဆိုနေကြပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရရှိသူဦးရေ ဆက်လက် တိုးပွားလျက်ရှိပြီး ကားလမ်းများ ပိတ်ဆို့နေကာ ဓာတ်တိုင်များ၊ မီးပွိုင့်များ၊ သစ်ပင်များ ကျိုးကျ ပျက်စီးနေကြပါတယ်။ တိုက်အိမ် အဆောက်အအုံများလည်း ပျက်စီးခဲ့ကြသလို အချို့နေရာများတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိနေပါတယ်။ ကိုရီးယား ရုပ်မြင်သံကြားဌာနနဲ့ သတင်းဌာနများက မုန်တိုင်းသတင်းများ အဆက်မပြတ် ထုတ်လွှင့် ပြသလျက်ရှိပါတယ်။ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းခြေတလျောက် ပင်လယ်လှိုင်းလုံကြီးများ ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိပါတယ်။ လူ ၃၃ ဦးပါတဲ့ တရုတ်ပိုင် သင်္ဘော နှစ်စီး နှစ်မြုပ်သွားပြီး တရုတ်လူမျိုး ၅ ဦး သေဆုံး၍ ၁၀ ဦး ပျောက်ဆုံးနေပါတယ်။ အာဏာပိုင်များက သင်္ဘောခရီးစဉ် ၁၇၀ နဲ့ လေယာဉ်ခရီးစဉ် ၁၉၄ ခုတို့ကို ပိတ်ထားပါတယ်။ စာသင်ကျောင်းအချို့၊ စက်ရုံ အလုပ်ရုံတချို့ ပိတ်ထားကြပါတယ်။ တိုက်ခန်းများရှီ မှန်များလည်း ကွဲရှ ပြုတ်ကျပြီး အိမ်အများစုမှာလည်း ရေများ ၀င်ရောက်လာပြီး ကားများလည်း ရေထဲမှာ နှစ်မြုပ်၊ မျောပါလျက်ရှိပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များနဲ့ ပြည်သူ့ ၀န်ထမ်းတွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီ ပေးလျက်ရှိနေပေမယ့် သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိပါတယ်။ သြဂုတ် ၂၈ ရက်နေ့ နေ့လည်ပိုင်းက မိုးလေ၀သ ဦးစီးဌာနသို့ ကိုရီးယားသမ္မတ ယိမြောင်ဘ သွားရောက်ပြီး ပြည်သူအများ ထိခတ်မှု မရရှိရေးအတွက် တတ်နိုင်တဲ့ဘက်က ကြိုစားပြီး ကာကွယ် စောင့်ရှောက်ပေးရန် ပြောဆိုကြောင်း သိရပါတယ်။ ယခု လက်ရှိ သမ္မတ ယိမြောင်ဘဟာ ၅၁ နှစ် အကြာအတွင်းမှာ ပထမဦးဆုံး မိုးလေ၀သ ဦးစီးဌာနသို့ ပထမဆုံးအကြိမ် သွားရောက်တဲ့ သမ္မတ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားကနေ ဆက်တိုက် ပြသနေတဲ့ မုန်တိုင်းမြင်ကွင်းတွေကို ကြည့်ရတာ တော်တော်လေးကို စိတ်မကောင်းစရာ၊ စိတ်ထိခိုက်စရာတွေ ဖြစ်နေပါတယ်။ ယခုအချိန်အထိ သိရတာကတော့ သေဆုံးသူ ၈ ဦး၊ ဒဏ်ရာရရှိသူ ၁ ဦး ဖြစ်ပါတယ်။ နောက်ဆုံး သိရတဲ့ သတင်းများအရ ဓာတ်လှေကား ပျက်၍ အပေါ်ဆုံးထပ်သို့ တက်ရောက်ရန် ပြင်နေစဉ် လေပြင်းတိုက်၍ လွှင့်စင် ပြုတ်ကျ သေဆုံး အသက် ၅၂ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး၊ သစ်ပင် ပိ၍ သေဆုံးသူ အသက် ၅၀ အရွယ်ရှိ ၅ တန် ကုန်တင်ကား မောင်းသူ အမျိုးသား တစ်ဦး၊ မြေညီထပ် တံခါးပေါက်မှ ပြုတ်ကျ သေဆုံးသူ အသက် ၇၅ နှစ် အရွယ်ရှိ အဘိုးအို တစ်ဦး ရှိကြောင်း၊ လေဘေး ဒုက္ခသည် အိမ်ထောင်စုပေါင်း ၂ သိန်းနီးပါး ရှိကြောင်း သိရပါတယ်။ ထိုမုန်တိုင်းဟာ ၂၈ ရက် ညနေ ၆ နာရီမှာ တောင်ကိုရီးယားမှ ထွက်ခွာပြီး မြောက်ကိုရီးယား မြို့တော် ဖြောင်းယန်းမြို့ကို ၀င်ရောက်မှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားမှ ထွက်ခွာပြီးနောက်မှာတော့ တရုတ်နိုင်ငံ ချောန်ဂျင်ဒေသဆီ ၀င်ရောက်မှာ ဖြစ်ပါတယ်။
ကိုရီးယားသတင်းများမှ
ကိုရီးယားသတင်းများမှ
 burmatoday
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map