ကမ္ဘာကျော် အဆိုတော်၊ တေးရေး ဂီတပညာရှင်၊ လူသားချင်း စာနာမှု အကျိုးဆောင်သူ ဘိုနို
(ပေါလ်ဒေးဗစ်ဟူဆန်) ကို အိုင်ယာလန်နိုင်ငံ ဒပ်ပလင်မြို့မှာ ၁၉၆၀ မေလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘနှစ်ပါးက သူငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့ကြပြီး သူဟာ ဒုတိယမြောက်သား ဖြစ်ပါတယ်။ ငယ်စဉ်က သူ့ရဲ့ နာမည်တွေက အမျိုးမျိုးဖြစ်ပေမယ့် ဘိုနိုဆိုတဲ့ နာမည်နဲ့ ဂီတလောကမှာ U2 အဖွဲ့ကို အောင်မြင်စွာနဲ့ ဦးဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။
ဘိုနိုဆိုတာ လက်တင်ဘာသာနဲ့ Bonavox က ဆင်းသက်လာတာဖြစ်ပြီး အသံကောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဘိုနိုကို လူတွေကြားမှာ နေကာမျက်မှန်နဲ့ အမြဲမြင်ရတာနဲ့ ပတ်သက်ပြီး ရိုလင်းစတုန်းမဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ.. “ကျွန်တော့်မျက်လုံးတွေက အလင်းရောင် သိပ်အထိခံလို့ မရဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကို ဓာတ်ပုံရိုက်မယ်ဆိုရင် အဲဒီ လျှပ်တစ်ပြက် မီးရောင်ကို တစ်နေ့လုံး ခံစားရတယ်။ညာဘက်မျက်လုံးက ယောင်လာမယ်။ အလင်းရောင်ဝင်တဲ့ မျက်လုံးက သွေးကြောတွေ ပိတ်ပြီး နီရဲလာမယ်။ ဒါကြောင့် နေကာမျက်မှန်ကို တပ်ထားရတာပေါ့။ ဒီလိုတပ်ရတာ ဝင့်ဝါမှုတစ်ပိုင်း၊ ဖုံးကွယ်မှုတစ်ပိုင်းနဲ့ အထိမခံတဲ့ တစ်ပိုင်းတို့ကြောင့်ပါ”။
ဘိုနိုဟာ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေမှု၊ ရောဂါဘယ ထူပြောမှုနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေမှုတို့ကို လျော့ပါးပပျောက်အောင် တက်ကြွစွာနဲ့ လူမှုအကျိုး ဆောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ “အာဖရိကတိုက်က မီးတောက်မီးလျှံထဲမှာ ရောက်နေတဲ့ တိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ အာဖရိကတိုက်သားတွေဟာ ကျွန်တော်တို့နဲ့ တန်းတူ လူသားတွေပဲ ဆိုတာကို နက်ရှိုင်းစွာ ခံယူထားရင် အဲဒီမီးတောက်ကို ကျွန်တော်တို့ ပိုပြီး ငြှိမ်းသတ်ပေးရမယ်။ တကယ်တမ်း လိုနေတာက မီးသတ်ကားဖြစ်ပေမယ့် ကျွန်တော်တို့ ရေပုံးတွေ ကိုင်ပြီး ရပ်ကြည့်နေရတယ်”။ ဂီတနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို ပြောပြရာမှာ.. “ဂီတက ဒီကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂီတက လူတွေကို ပြောင်းလဲပစ်နိုင်လို့ပါပဲ”။ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ပတ်သက်လို့.. “ရော့ခ်ဂီတ ကြယ်ပွင့်တစ်ယောက် အနေနဲ့ ကျွန်တော့်မှာ ထိုးထွင်းသိနေတာ နှစ်ခု ရှိတယ်။ တစ်ခုက ဂီတနဲ့ ပျော်ရွှင်မှုကို လိုချင်တယ်။ နောက်တစ်ခုက ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တယ်”။ ငြိမ်းချမ်းရေးနိုဗယ်ဆု အမည်စာရင်း တင်သွင်းခြင်း ခံရဖူးတဲ့ ဘိုနိုက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး..“ကျွန်တော် ခုဒီမှာပြောနေတာက လူ့အခွင့်အရေး ကိစ္စပါ။ လူသားတစ်ယောက်လို အသက်ရှင်နေထိုင်ခွင့် ဖြစ်တယ်။ ခုအာဖရိကမှာ ရင်ဆိုင်နေရတာက လူသားရဲ့ သိက္ခာနဲ့ တန်းတူရည်မျှမှုကို တစ်ခါမှ မကြုံဖူးလောက်အောင် ခြိမ်းခြောက်ခံနေရတယ်”။ နည်းပညာတွေ တိုးတက်လာမှုအပေါ် သူ့ရဲ့အမြင်က.. “ဒစ်ဂျစ်တယ်ခေတ်က ကျွန်တော့်ရဲ့ စိတ်ကို နှိုးဆွပေးတယ်။ စိတ်လှုပ်ရှားစရာ ကောင်းတာက စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ လုပ်ဆောင်နိုင်တဲ့ကြားမှာ ကွာဟမှုဆိုတာ မရှိသလောက်ပဲ။ အရင်က သီချင်းတစ်ပုဒ် အသံသွင်းရင် စတူဒီယိုနဲ့ ပရိုဂျူဆာ လိုတယ်။ အခုတော့ လက်တော့ပ်တစ်လုံးပဲ လိုတယ်။
ကျော်ဌေး(ဘီအေစီ)

ကျော်ဌေး(ဘီအေစီ)



0 comments:
Post a Comment