<div style='background-color: none transparent;'></div>

Home » » ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စင်းလုံးငှားလေယာဉ် ဆင်းသက်

ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စင်းလုံးငှားလေယာဉ် ဆင်းသက်




ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မှ မော်လမြိုင်သို့ NOK Air လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည် ၃၃ ဦး တင်ဆောင်လျက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်လေဆိပ်သို့ ဆိုက်ရောက်ပြီး နံနက် ၁၀ နာရီ ၃၈ မိနစ်တွင် ခရီးသည်တစ်ဦး တင်ဆောင်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
"အရင်ကလည်း NOK Air လေယာဉ် ဆင်းဖူးနေတော့၊ အခက်အခဲ မရှိပါဘူး။ လေယာဉ်ကွင်းကို အဆင့်မြှင့်ဖို့တော့ တဖြည်းဖြည်း လုပ်နေပါတယ်" ဟု ဦးစိုးပိုင် (မော်လမြိုင် လေယာဉ်ကွင်း ဦးစီးအရာရှိ)က ပြောကြားသည်။
"ဘုရားဖူး ဖို့လာရင်း၊ ခင်ပွန်းသည် စက္ကူစက်ရုံ ဒီမှာလာလုပ်ဖို့ လာဖြစ်တာပါ။ မော်လမြိုင်ကို လေယာဉ်နဲ့ ပထမဆုံး လာတာပါ၊ ဖော်ရွေစွာနဲ့ ကြိုဆိုတာ အရမ်းဝမ်းသာပါတယ်။ မြန်မာရိုးရာ မုန့်တွေနဲ့ ဧည့်ခံတာ ကြိုက်ပါတယ်၊ မုန့်လင်မယား၊ မုန့်လိပ်ပြာတွေဟာ ထိုင်းမှာလည်း ရှိပါတယ်။ ဒီမှာက အချိုနည်းတာပဲ ကွာပါတယ်။ လေဆိပ်အအောက်အအုံက အရမ်းသေးပါတယ်။ ဒီလိုနေရာမျိုးဟာ စီးပွားရေး အခြေအနေအရ အရမ်းတိုးတက်လာမယ်ဆိုတော့ ထပ်ချဲ့ဖို့ လိုမယ်။ ဒီကို ယိုးဒယားတွေ အများကြီး လာဖို့ရှိပါတယ်။ ဘုရားလာဖူးရပြီး ဖော်ရွေတဲ့ မြန်မာလူမျိုးတွေ ကြည့်ရတာ အရမ်းစိတ်ချမ်းသာပါတယ်" ဟု မဲဆောက်မြို့မှ ပထမဆုံး မော်လမြိုင်ကို လာရောက်သူ ထိုင်းအမျိုးသမီး စူဝါနမ်က ပြောပါသည်။
"လာလည်တာ သုံးရက်ခရီးပါ။ တိုင်းရင်းဆေးရုံ၊ ယဉ်ကျေးမှုပြတိုက်၊ စက်မှုဇုန်၊ ဖားအံကို သွားလေ့လာမှာပါ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်လုပ်ဖို့ လေ့လာတာပါ။ အခြားအာဆီယံ နိုင်ငံတွေလို ဗီဇာမလိုဘဲ သွားလာနိုင်ဖို့ မကြာတော့ပါဘူး။ ဌာနဆိုင်ရာတွေကလည်း တဖြည်းဖြည်း လုပ်ပေးမှာပါ" ဟု ထိုင်းလုပ်ငန်းရှင်၊ ထိုင်းအစိုးရ အကြံပေးအဖွဲ့ဝင် မစ္စတာမစ်ပါနီတီ (ခေါ်)ဦးချမ်းမြက ပြောကြားသည်။
မဲဆောက်သို့ ပြန်လည်လိုက်ပါမည့် ခရီးသည်သုံးဦးအနက် နှစ်ဦးကျန်ရှိခဲ့မှုနှင့် ပတ်သက်၍ ပထမနေ့၊ ပထမအခေါက်မှာ လုံခြုံရေး ကိစ္စများကြောင့် အလုပ်များနေသဖြင့် နားလည်မှုလွဲပြီး ကျန်ရစ်ခဲ့ကြောင်း၊ ခရီးသည်အားလည်း ကျန်ရစ်ခဲ့မှုအား များစွာစာနာ တောင်းပန်ပါကြောင်း၊ ၎င်းတို့နှစ်ဦးကို မြ၀တီသို့ ကားစင်းလုံးငှားကာ ပို့ဆောင်ပေးပြီး မဲဆောက်သို့ ဆက်လက်သွားရောက်နိုင်ရန် သက်ဆိုင်ရာသို့ အကူအညီ တောင်းထားကြောင်း NOK Air မော်လမြိုင်ရုံးခွဲ မန်နေဂျာက ပြောကြားသည်။

Photo: မဲဆောက်မြို့မှ မော်လမြိုင်မြို့သို့ စတင်ပြေးဆွဲသည့် NOK Air လေကြောင်းလိုင်းမှလေယာဉ် မော်လမြိုင်လေဆိပ်သို့ ဆင်းသက်အပြီး တွေ့ရစဉ်

From: Eleven



Myanmar Forward..................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map