<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့တွင် DAY CLUB များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

ရန်ကုန်မြို့တွင် DAY CLUB များ လုံးဝမဖွင့်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

ရန်ကုန်မြို့အတွင်းရှိ Day Club တစ်ခုအား မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Day Club များ လုံးဝမဖွင့်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းနှင့် ယင်းညွှန်ကြားချက်အား လိုက်နာမှု မရှိသူများအား ပုဒ်မ ၁၈၈ ဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း Night Club များသာမက ယခုနောက်ပိုင်း Day Club များပါ ဖွင့်လှစ်မှု ရှိလာကြောင်း၊ ထိုသို့ ဖွင့်လှစ်မှုများမှာ အကျင့်စာရိတ္တ ပျက်ပျားစေကြောင်း၊ ထို့ပြင် အချို့မိဘများမှာ Day Club များနှင့်ပတ်သက်၍ တိုင်းတန်းမှု အချို့ပင် ပြုလုပ်လာကြခြင်းကြောင့် ၎င်းတို့အား အရေးယူရန် တရားဝင် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။
Day Club တွေကို အရေးယူဖို့ တရားဝင် ညွှန်ကြားထားပြီး ဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
''ပုဒ်မ ၁၈၈ ဆိုတာ တားမြစ်ထားတဲ့ ညွှန်ကြားချက် တစ်ခုကို လိုက်နာခြင်း မရှိသူတွေကို အရေးယူနိုင်တဲ့ ပုဒ်မဖြစ်ပြီး အခုလို Day Club များ ဖွင့်လှစ်ခြင်း မပြုရန် ညွှန်ကြားချက်ကို မလိုက်နာရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
ပုဒ်မ ၁၈၈ ဆိုသည်မှာ ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာသော အမိန့်ကို ဖီဆန်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ ထောင်ဒဏ် ၁ လ ဖြစ်စေ၊ ငွေနှစ်ရာဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ အကယ်၍ ထိုသို့ ဖီဆန်မှုသည် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကို သော် လည်းကောင်း၊ လုံခြုံရေးကို သော်လည်းကောင်း၊ ဘေးဖြစ်စေသော် ခြောက်လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေတစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သည်။
သို့သော် လက်ရှိအထိ Day Club ဖွင့်လှစ်ရန် တားမြစ်ချက်အား မလိုက်နာ၍ ပုဒ်မ ၁၈၈ ဖြင့် အရေးယူမှု မရှိသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
 
 todaymyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map