<div style='background-color: none transparent;'></div>

Home » » ပည်ပမှ ထိခိုက်တိုက်ကြေကားများ တင်သွင်းလာသည့်အတွက် သိမ်းဆည်းထားသည့် ကားအရေအတွက် ၁၀၂ စီးအထိရှိလာ

ပည်ပမှ ထိခိုက်တိုက်ကြေကားများ တင်သွင်းလာသည့်အတွက် သိမ်းဆည်းထားသည့် ကားအရေအတွက် ၁၀၂ စီးအထိရှိလာ




ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေ ကားများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် အရေအတွက်မှာ ၁၀၂ စီးအထိ ရှိလာပြီဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။

ပြည်ပမှ တင်သွင်းလာသော ပျက်စီးမှုများသည့် ထိခိုက်တိုက်ကြေကား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှု အခြေအနေမှာ မေ ၁၄ ရက်တွင် ပထမအကြိမ်အဖြစ် မော်တော်ယာဉ် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး၊ ဇွန် ၂၈ ရက်တွင် ၃၃ စီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေးလုပ်ငန်း စီမံချက်ကို အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၁ ခုနှစ်အတွင်း စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက် နောက်ပိုင်းတွင် တိုက်ကြေပျက်စီးကားများ တင်သွင်းလာမှုများ ရှိခဲ့ပြီး တိုက်ကြေပျက်စီးကားများ၏ အနေအထားအရ သုံးစွဲသူများ အတွက် လုံခြုံမှု စိတ်မချရသော အန္တရာယ် ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ကြောင်း တွေ့ရှိရသဖြင့် အကောက်ခွန် ဦးစီးဌာနက ပြည်ပမှ တင်သွင်းလာသော တိုက်ကြေပျက်စီး ကားများသည် သုံးစွဲသူ ပြည်သူလူထုအတွက် သုံးစွဲသူ ထိခိုက်နစ်နာ စေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်း တို့ကြောင့် လည်းကောင်း၊ ကုန်သွယ်ရေး မူဝါဒအရ လည်းကောင်း၊ အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း တင်သွင်းခွင့် မပြုသည့် ယာဉ်များဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။

မေလအတွင်းက ပြုလုပ်ခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ အစည်းအဝေးတွင် အဆိုပါ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ထိခိုက်ပျက်စီးမှုများရှိသည့် မော်တော်ယာဉ်များ တင်သွင်းလာသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ခေါင်းကြေ၊ ကိုယ်ထည် ပျက်စီးထိခိုက်မှုများရှိသည့် မော်တော်ယာဉ်များကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ နိုင်ငံပိုင် သိမ်းဆည်းပြီး သံရည်ကျို ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ မလျော်မကန် တင်သွင်းလာခဲ့သည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီများကိုလည်း တင်သွင်းခွင့် တစ်နှစ်ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

ယခုပျက်စီး ထိခိုက်မှုရှိသည့် ကားများ ဆိပ်ကမ်းများတွင် ကျန်ရှိနေပြီး သင်္ဘောများနှင့် ထပ်မံတင်သွင်း သယ်ဆောင်မှုများ ရှိသည်ကို ကြားသိရကြောင်း၊ ယင်းတို့ကိုလည်း ဥပဒေ/လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-Customs facebook)

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map