<div style='background-color: none transparent;'></div>

Home » » ရန်ကုန်က သံသယဖြစ်စရာ သေတ္တာထဲမှာ ဘာတွေ တွေ့သလဲ

ရန်ကုန်က သံသယဖြစ်စရာ သေတ္တာထဲမှာ ဘာတွေ တွေ့သလဲ



ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲတွင် ယနေ့ညနေပိုင်းက မသင်္ကာစရာ သေတ္တာတလုံးကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအရာရှိများ အလုပ်များသွားကြသည်။

ဗိုလ်မင်းရောင်လမ်းနှင့် သိမ်ဖြူလမ်းဒေါင့် မီးပွိုင့်အနီး သိမ်ကုန်းဘုန်းကြီးကျောင်း ရှေ့ရှိ ညောင်ပင်အောက်တွင် အချိန်အတန်ကြာ ရှိခဲ့သော အလျား ၂ ပေ၊ အနံ ၁ ပေခန့်ရှိ အနီရောင် ခရီးဆောင်သေတ္တာကို သံသယရှိသဖြင့် စစ်ဆေးခဲ့ကြသည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းကပြောသည်။

“ကျနော်တို့မှာ ဗုံးထင်ပြီးတော့ ဗုံးရှာတဲ့ ကိရိယာတွေသုံးပြီး စစ်လိုက်ရတာ ချွေးပါပြန်တယ်၊ အိတ်ကိုဖောက်ဖွင့်ကြည့်တော့ အထဲမှာ အဝတ်အစားတွေပဲတွေ့တယ်၊ ပိုင်ရှင်ဘယ်သူလဲဆိုတာတော့ မသိပါဘူး” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦး က ဧရာဝတီသို့ ပြောသည်။

အနီးရှိဆိုက်ကားဂိတ်မှ ဆိုက်ကား သမား တစ်ဦးက ...
“ဒီအိတ်ကို စတွေ့တော့ မသင်္ကာတာနဲ့ ရဲကို အကြောင်းကြား လိုက်တာ ဗုံးထင်ပြီး ခပ်လှမ်းလှမ်းမှာ လူတွေလာကြည့်ကြတာ၊ ကားလမ်းတောင် ခဏ ပိတ်သွားသေးတယ်၊ ရဲတွေ ဗုံးရှာစက် တွေနဲ့ စစ်ပြီး ဖွင့်ကြည့်တော့ ဗုံး မဟုတ်ဘူး၊ အဲဒါနဲ့ အိတ်ကို စခန်းကို သယ်သွားတာ” ဟု သူက ဧရာဝတီကို ပြောပါတယ်။

ရဲစခန်းကို ရောက်ရှိနေသော အဆိုပါ အိတ်ထဲတွင် ဂျင်းဘောင်းဘီ တစ်ထည်နှင့် အကျီတစ်ထည်ကိုသာတွေ့ရှိရသည်

ယခုလ ၇ ရက်နေ့က ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ရွှေတိဂုံ ဘုရားအပါအဝင် မြို့တွင်း၊ မြို့ပြင် နေရာတချို့တွင် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာဖွယ်ရာ မော်တော်ယာဉ်၊ ခရီးသွားတို့ကို စစ်ဆေးလျက်ရှိသည်။

ထို့အတူ အာဇာနည်နေ့နှင့် နီးကပ်လာသည်နှင့်အမျှ မြို့တွင်း၊ မြို့ပြင် လမ်းတချို့တွင် မသင်္ကာဖွယ်ရာ လူများတွေ့ရှိပါက စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိ သကဲ့သို့ မြို့နယ် ရပ်ကွက်ရုံးများတွင်လည်း ဧည့်စာရင်းတိုင်ကြားကြရန် လှုံ့ဆော်နေကြသည်။

မသင်္ကာဖွယ်ရာလူများကိုတွေ့ရှိလျှင်လည်း အကြောင်းကြားရန် ရဲတပ်ဖွဲ့က သတိပေးထားပြီး အချို့ရပ်ကွက်များထဲတွင် လုံခြုံရေးအရ အာဏာပိုင်တို့ လှည့်လည် စစ်ဆေးနေသည်ကို တွေ့ရသည်။
သတင်း - ကျော်ခ
ဓာတ်ပုံ - ဂျေပိုင်

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map