<div style='background-color: none transparent;'></div>

Home » » ဘဝကို တွေးတောခြင်း __________________

ဘဝကို တွေးတောခြင်း __________________



အသက်၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ တွေးတောနိုင်တဲ့ အတွေးအခေါ်ရှိတာကလွဲလို့ တစ်ခြားသူတွေနဲ့ ထူးမခြားနားခဲ့ပါဘူး။ သူဟာ သာမန်မိသားစု၊ သာမန်မိဘ၊ သာမန်ရုပ်ရည်နဲ့ သာမန်တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားခဲ့တယ်။

လွတ်လပ်တဲ့ တက္ကသိုလ်ကျောင်းသူဘဝက သူရဲ့အတွေးတွေကို လွတ်လွတ်လပ်လပ် တွေးခွင့်ပေးနိုင်ခဲ့တယ်။ သူရဲ့အတွေးထဲမှာ၊ ဦးနှောက်ထဲမှာ အမြဲတမ်း ရာဇ၀င်ပုံပြင်တွေသာ စိုးမိုးနေခဲ့တယ်။ သူ့ပုံပြင်ထဲမှာ ဂါဝန်ရှည်ဝတ်ထားတဲ့ ချောမောလှပတဲ့ မိန်းကလေးတွေ၊ ကောင်းကင်ပြာတွေ၊ မြက်ခင်းစိမ်းတွေ နောက် မှော်ဆရာတွေ၊ စုန်းကဝေတွေနဲ့ ထူးခြားတဲ့ဇာတ်လမ်းတွေပါတယ်။ သူစိတ်ကူးရတဲ့ ပုံပြင်ဇာတ်လမ်းတွေကို မပျင်းမရိ စာအုပ်ထဲမှာ အမြဲချရေးခဲ့တယ်။

တက္ကသိုလ်တက်နေတဲ့အချိန်မှာ သူဟာ ကောင်လေးတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့တယ်။ ကောင်လေးရဲ့အပြုအမူနဲ့ အပြောအဆိုတွေဟာ သူ့စိတ်ကူးပုံပြင်ထဲက ဇာတ်လိုက်အတိုင်းပဲ။ ကောင်လေးကို သူအရမ်းချစ်ခဲ့တယ်။ ဒါပေမဲ့ ကောင်လေးက မဖြစ်နိုင်တဲ့အရာတွေနဲ့ စိတ်ကူးယဉ်နေတဲ့ သူ့ကို တဖြေးဖြေး စိတ်ပျက်လာခဲ့တယ်။ ကောင်လေးနဲ့ ချိန်းတွေ့တဲ့အချိန်မှာ သူဟာ အတွေးစိတ်ကူးထဲ ချက်ချင်းပေါ်လာတတ်တဲ့ပုံပြင်တွေကို ကောင်လေးကို စိတ်ပါလက်ပါ ပြောပြတတ်တယ်။ ဒါပေမယ့် အဲဒီလို ရာဇ၀င်ပုံပြင်တွေကို ကောင်လေးက မခံစားတတ်ခဲ့ဘူး။ “အသက်က ၂၃နှစ်တောင်ရှိပြီ။ ဒါပေမယ့် နင့်ရဲ့ အတွေးအခေါ်တွေက ကလေးတစ်ယောက်လိုပဲ” လို့ပြောပြီး ကောင်လေးက သူ့ကို ပစ်သွားခဲ့တယ်။

အသည်းကွဲတဲ့ဝေဒနာက သူ့ကို တွေးခြင်း ရေးခြင်းမှာ ရပ်တန့်မနေစေခဲ့ပါဘူး။ အသက် ၂၅နှစ်ရောက်တော့ သူလက်ရှိနေထိုင်တဲ့ ပတ်ဝန်းကျင်ကနေပြောင်းဖို့ သူစိတ်ကူးရခဲ့တယ်။ အဲလိုနဲ့ စိတ်ကူးရောင်စုံတွေခြယ်သထားတဲ့ ပေါ်တူဂီကို သူပြောင်းရွေ့လာခဲ့တယ်။ ပေါ်တူဂီမှာ အင်္ဂလိပ်ဆရာမအဖြစ် အသက်မွေးရင်း စာတွေကို သူဆက်လက်ရေးသားခဲ့တယ်။

အဲဒီမှာ ငယ်ရွယ်နုပျိုတဲ့ ပေါ်တူဂီသတင်းထောက်တစ်ဦးက သူ့ဘ၀ထဲကို အလျှင်အမြန်ဝင်ရောက်လာခဲ့တယ်။ သူ့ကို ပျော်ရွှင်မှုတွေပေးနိုင်တဲ့ ထက်ထက်မြက်မြက် သတင်းထောက်ကို သူချစ်မိပြီး မကြာခင်မှာပဲ သူတို့ လက်ထပ်လိုက်ကြတယ်။ ဒါပေမယ့် သူ့ရဲ့ ဆန်းပြားတဲ့ စိတ်ကူးအတွေးက သတင်းထောက်ကို စိတ်ပျက်စေပြန်တယ်။ သတင်းထောက်က တစ်ခြားမိန်းကလေးတွေနဲ့ ဖောက်ပြန်လာတယ်။ မကြာပါဘူး... သမီးတစ်ယောက်နဲ့အတူ သတင်းထောက်ဟာ သူ့ကို ထားသွားခဲ့ပြန်တယ်။

ဘဝရဲ့ အခါးသက်ဆုံးအချိန်ကို သူကြုံတွေ့နေခဲ့ရတယ်။ ကွာရှင်းပြီး မကြာဘူး၊ ဆရာမအဖြစ်က ရပ်စဲခြင်းကို သူခံရပြန်တယ်။ ပေါ်တူဂီမှာ ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ သူဟာ မွေးရပ်မြေကို ပြန်လာခဲ့တယ်။ အစိုးရထောက်ပံကြေးနဲ့ မိတ်ဆွေတွေရဲ့ ပေးကမ်းမှုတွေနဲ့ သူအသက်ဆက်ခဲ့ရတယ်။ ဒါပေမဲ့ ရေးသားခြင်းနဲ့ တွေးတောခြင်းကို သူမရပ်ခဲ့ဘူး။ သူတွေးတောမိတဲ့ ရာဇ၀င်ပုံပြင်တွေကို သမီးတစ်ဦးကိုသာပြောပြပြီး သူကျေနပ်နေခဲ့ရတယ်။

တစ်ခါက အင်္ဂလန် မြေအောက်ရထားဘူတာမှာ အေးစက်နေတဲ့ ခုံပေါ်ထိုင်ပြီး ရထားအလာကို သူစောင့်နေခဲ့တယ်။ အဲဒီအချိန်မှာ သူ့အတွေးထဲက အလင်းတန်းတချို့ ဖြိုးခနဲ့ ဖြောက်ခနဲ့ ဖြတ်စီးသွား ခဲ့တယ်။ အိမ်ပြန်ရောက်ရောက်ချင်း အဲဒီအတွေးတွေကို သူချရေးလိုက်တယ်။ နှစ်ရှည်လကြာတွေးတောခဲ့တဲ့ အတွေးတွေကို သူရပ်တန့်လို့ မရခဲ့တော့ဘူး။ သူ့ရေးတဲ့ ရာဇ၀င်ဇာတ်လမ်းရှည်ကို “ဟယ်ရီပေါ်တာ (Harry Potter)”လို့ အမည်ပေးလိုက်တယ်။ အခုလက်ရှိ လူနေမှုတွေနဲ့ ဘယ်လိုမှ အပ်စပ်လို့မရတဲ့ ဒီစာအုပ်ကို ထုတ်ဝေလိုက်တယ်ဆိုရင်ပဲ ရောင်းအားက တစ်တိုင်းပြည်လုံး ပြန့်နှံ့ခဲ့တယ်။ နောက်တော့ ကမ္ဘာကျော်ပြီး စာအုပ်ရေ သန်းကျော်ထိ ပုံနှိပ်ထုတ်ဝေခဲ့ရတယ်။ ဒီအောင်မြင်မှုက လူတိုင်းကို အံ့သြစေခဲ့တယ်။

အဲဒီ ကမ္ဘာကျော် ဟယ်ရီပေါ်တာဇာတ်ကောင်ကို မွေးဖွားပေးလိုက်သူကတော့ အင်္ဂလန်စာရေးဆရာမ J. K. Rowling ဖြစ်ပါတယ်။ အင်္ဂလန်မှာ သူဟာ “ အလုပ်အကိုင်နဲ့ ဝင်ငွေ အအောင်မြင်ဆုံး အမျိုးသမီး” လို့ ထင်စားခံရပြီး အမေရိကားနာမည်ကြီး မဂ္ဂဇင်းတစ်စောင်မှာ “ ကမ္ဘာ့ စွမ်းရည်အာဏာ အရှိဆုံး လူအယောက်(၁ဝဝ)” ထဲက နံပါတ် ၂၅ ယောက်မြောက်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။


**** ပုံပြင် ၃ဝဝဆိုတဲ့ ဝယ်ဖတ်ခဲ့တဲ့တရုတ်စာအုပ်ကနေ ဘာသာပြန်ထားတာဖြစ်ပါတယ်။ မနေ့က ဟယ်ရီပေါ်တာအကြောင်းတင်တော့ အဲဒီစာရေးဆရာမ စာရေးဖြစ်တဲ့အကြောင်း သိရင်ပြောပြပါဆိုလို့ အရင်ကဘလော့ပေါ်တင်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map