ချယ်ရီကိုးလ်တစ်ယောက် သူမ၏ အချစ်တော် ခွေးကလေး၏ ကျန်းမာရေးအတွက် ပူပင်သောက ရောက်နေရှာကြောင်း သိရှိရသည်။ အသက်(၃၀) အရွယ်ရှိ ဗြိတိသျှ နာမည်ကျော် အဆိုတော်၏ ခွေးမလေးသည် ကင်ဆာရောဂါ ဖြစ်ပေါ်နေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် ဓာတ်ရောင်ခြည် ကုထုံးတစ်ရပ် ခံယူထားရသည်။
ကီရာဟု အမည်ပေးထားသည့် ခွေးမလေးသည် ချယ်ရီနှင့် ကာလရှည်ကြာ အဖော်ပြု ဖြတ်သန်းခဲ့သည့် သူငယ်ချင်းကောင်းလည်း ဖြစ်သည်။ ခွေးမလေးသည် အသက်အရွယ်အားဖြင့်မူ ကြီးရင့်နေပြီဖြစ်ပြီး လူ့အသက်နှင့် တိုင်းတာ တွက်ချက်ပါက (၉၈)နှစ်မျှ ရှိနေပြီဟု ဆိုသည်။ လတ်တလောတွင် ကီရာသည် ကြပ်မတ် ကုသမှုများကို (၃)ပတ်ကြာ ခံယူရမည်ဖြစ်ပြီး ဓာတ်ရောင်ခြည် ကုထုံးနှင့်ပါ ကုသရန် လိုအပ်လာခဲ့သည်။
ချယ်ရီသည် ခွေးမလေး၏ ဓာတ်ပုံကို Instagramတွင် အင်္ဂါနေ့က လွှင့်တင်ပြီး "ကျွန်မအသက် (၁၆)နှစ်၊ သူ့အသက် (၂)လသမီး ကတည်းက တူတူ ရှိခဲ့တာပါ။ ကီရာဟာ ဓာတ်ရောင်ခြည် ကုထုံးနဲ့ မနက်ဖြန် ကုသမှု ခံယူရပါမယ်။ ပြီးရင် (၂)ပတ်ကနေ (၃)ပတ်လောက်ထိ ခွေးလေးတွေအတွက် ကြပ်မတ်ကုသပေးတဲ့ ဆေးရုံမှာ ရှိနေရမှာပါ"ဟု ရေးသားခဲ့သည်။
ချယ်ရီသည် ခွေးချစ်သူ တစ်ဦးဖြစ်ပြီး ပရိသတ်များကိုလည်း ကီရာအတွက် ဆုတောင်းပေးရန် ပန်ကြားခဲ့သည်။ "ကျေးဇူးပြုပြီး သူပျော်ရွှင်ဖို့ ကူညီ ဆုတောင်းပေးနိုင်ကြမလား။ ကီရာက ကျွန်မအတွက်တော့ အကြီးဆုံး ကလေးလေးပါပဲ။ သူခံစားနေရတာက ကျွန်မအသည်းကို ခွဲနေသလိုပါပဲ"ဟုလည်း ချယ်ရီက ရေးသားထားခဲ့သည်။
#Cheryl #Cole
#PlanetMyanmar
အေးချမ်းမွန်

0 comments:
Post a Comment