<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံသူ နှစ်ဦး ပုဂံတွင် လုယက်ခံရ

ထိုင်းနိုင်ငံသူ နှစ်ဦး ပုဂံတွင် လုယက်ခံရ



ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်လေ့ရှိသည့် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇူလိုင် ၇ ရက်နေ့က စက်ဘီး စီးလာသော အသက် ၂၀ ကျော်အရွယ် ထိုင်းနိုင်ငံသူ နှစ်ဦး ပစ္စည်း လုယက်ခံခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ထိုင်းနိုင်ငံသူ နှစ်ဦးသည် ရွှေဆံတော် ဘုရား တွင် နေဝင်ချိန် ကြည့်ရှုပြီး စက်ဘီးစီး ပြန်လာစဉ် ဥပါလိသိမ် အနီးအနား အရောက်တွင် စက်ဘီး ရှေ့ခြင်းထဲတွင် ထည့်လာသည့် ကင်မရာ တစ်လုံးနှင့် ဒေါ်လာ ခုနစ်ရာခန့်ပါသည့် ပိုက်ဆံအိတ် အလုခံခဲ့ ရကြောင်း ပုဂံ ရဲစခန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

လုယက်မှုအတွက် အမှု လာရောက် ဖွင့်ထားခြင်း မရှိသေးကြောင်းနှင့် ပစ္စည်း လုယက်သွားသူများကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“နိုင်ငံခြားသားတွေက စခန်းကို သွားပြီး အမှုဖွင့်တာမျိုး မရှိတော့ သူတို့ကို ချည်း ရွေးလုနေတာ” ဟု ပုဂံဒေသခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ထားရှိသော်လည်း အင်အား နည်းပါးသေး ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ပုဂံဒေသရှိ နိုင်ငံခြား သား အများဆုံး သွားရောက်လေ့ရှိသည့် လူပြတ်သော နေရာများတွင် လှည့်ကင်းများ လှည့်လေ့ရှိကြောင်း ပုဂံ ဒေသခံ အင်္ဂလိပ်ဘာသာ စကားပြော ဧည့်လမ်းညွန် ဦးဇော်ဝင်းချိုက ပြောကြားသည်။

မေလ ၆ ရက်နေ့ ညနေ ၉ နာရီ အချိန်ခန့်တွင် သရပါတံခါးမှ ညောင်ဦး ဘက်သို့ ပုဂံမြို့ဟောင်း လမ်း အတိုင်း စက်ဘီး စီးလာသူ နိုင်ငံခြား သား နှစ်ဦးထံမှ စက်ဘီး ရှေ့ခြင်းထဲတွင် ထည့်ထားသော အိတ် တစ်လုံးကို ငါးမျက်နှာ ဘုရားရှေ့အရောက်တွင် ဆိုင်ကယ် စီးလာသူ တစ်ဦးက လုယူ ခဲ့ကြောင်းနှင့် ယင်းအမှုကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ပုဂံ ရဲစခန်းထံမှ သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map