<div style='background-color: none transparent;'></div>

Home » » ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် မြိတ်မှ နေပြည်တော်သို့ မိုင် ၇၂၀ ကျော် ခရီးကို တစ်ကိုယ်တော် လမ်းလျှောက်သူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိ

ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် မြိတ်မှ နေပြည်တော်သို့ မိုင် ၇၂၀ ကျော် ခရီးကို တစ်ကိုယ်တော် လမ်းလျှောက်သူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိ



Created on Tuesday, 30 July 2013 00:18

ဆီးဂိမ်းစ်အကြို လှုံ့ဆော်ရေးနှင့် အောင်နိုင်ရေးအတွက် မြိတ်မြို့မှ မိုင်ပေါင်း ၇၂၀ ကျော်ခရီးကို တစ်ကိုယ်တော် လမ်းလျှောက် လာသူ ၂၉ ရက် အကြာတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူသည် ဇူလိုင် ၁ ရက်က မြိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် တောင်ငူမြို့သို့ ရောက်ရှိကာ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဆက်လက် လမ်းလျှောက် ထွက်ခွာခဲ့ရာ ဇူလိုင် ၂၉ ရက် မွန်း လွဲ ၁၂ နာရီ ၁၅ မိနစ်က နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ ပန်းဝင်လာခဲ့ကြောင်း သိရသည်။

''ကျွန်တော် မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်မယ့် ဆီးဂိမ်းစ်အကြိုနဲ့ အောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြိတ်မြို့ကနေ နေပြည်တော်ကို လမ်းလျှောက် ဂုဏ်ပြုတာပါ။ ကျွန်တော် စထွက်လာတုန်းက မြိတ်မြို့ကနေ နေပြည်တော်ကို ရက်ပေါင်း ၄၀ လောက် လမ်းလျှောက်ရမယ်လို့ မှန်းထားပါတယ်။ တကယ်တမ်း လျှောက်ကြည့်တော့ ရက်ပေါင်း ၄၀ ထက်စောပြီး ၂၉ ရက် အကြာမှာ နေပြည်တော်ကို ပန်းဝင်လာခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ၀မ်းသာမိပါတယ်'' ဟု တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူက ပြောကြားခဲ့သည်။

တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးအောင်သူ (၄၅)နှစ်မှာ မြိတ်မြို့ ကန်ဖျားရပ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး စတင်ထွက်ခွာ လာစဉ်က အဖော်တစ်ဦး ပါရှိလာခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် ပြန်သွားသဖြင့် ယခုကဲ့သို့ တစ်ကိုယ်တော် လမ်းလျှောက် လာခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအား နေပြည်တော် အားကစား ၀န်ကြီးဌာနနှင့် တာဝန်ရှိသူများမှ နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအား ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကြိုဆိုနေကြစဉ်

အေးချမ်းမွန် ....မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map