<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်မှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများကို တင်ဒါခေါ်၍ လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း စနစ်ကို ယခုနှစ်မှ စတင်မည်ဖြစ်ပြီး ကုမ္ပဏီများကို တင်ဒါခေါ်၍ လုပ်ကိုင်ခွင့်ပြုမည်



Created on Tuesday, 30 July 2013 00:09


ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကား လိုင်းစနစ် ပြေးဆွဲခြင်းကို ယခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု များကြောင့် ခရီးသည်များ ဘတ်စ်ကားများ စီးနင်းရာတွင် အချိန်ကြာမြင့်စွာ စီးနင်းနေရပြီး လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ထို့အတွက် ခရီးသည်များ အချိန်ကုန် သက်သာစေရန် ရည်ရွယ်၍ အမြန်ဘတ်စ်ကားလိုင်း စနစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်ပြေးဆွဲရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည် ဖော်မည်ဖြစ်ပြီး အဆိုပါ စနစ်အတွက် နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအဖွဲ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မ.ထ.သ (ဗဟို)စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ဒီမှာ အဆင့်မြင့် ကားကြီးတွေရှိတယ်။ အမြန်ဘတ်စ်ကားလိုင်း စနစ်မှာ ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားတဲ့အပြင် Aircon လည်း ပါမှာဖြစ်ပါတယ်။ ယာဉ်စီးခကိုလည်း ခရီးသွားပြည်သူ ၀န်ထိုးဝန်ပိုး မဖြစ်စေမယ့် ကားခနှုန်းထားကို သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကားခနှုန်းထား ဖြစ်အောင်လို့လည်း အဲဒီကားတွေအတွက် CNG ရအောင် လုပ်ပေးမယ်လို့ ပြောထားတယ်။ အဲဒီစနစ်ကို လုပ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်မယ်။ သင့်တော်တဲ့ ကုမ္ပဏီရှိရင် လုပ်ကိုင်ခွင့် ပြုသွားမယ်။ အစိုးရ အဖွဲ့ကတော့ ကြီးကြပ်ညွှန်ကြားမှုပဲ လုပ်သွားမယ်။ ဒီနှစ်အတွင်းမှာ ဒီစနစ်ကို စတင်နိုင်အောင်လို့ လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးအောင်ခင်က ပြောကြားခဲ့သည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် မှတ်တိုင်များ သီးခြားသတ်မှတ်ခြင်း၊ မီးပွိုင့်များ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်သွားရမည်ဖြစ်ပြီး အမြန်ဘတ်စ်ကားလိုင်းမှာ သုံးမိနစ်ခြား တစ်စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ လမ်းကြောင်းအနေဖြင့် ပြည်လမ်းအား ပဏာမ ရွေးချယ်အားပြီး ခရေပင်လမ်းခွဲမှ မြို့ထဲအထိ စတင်ပြေးဆွဲရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

''အမြန်ဘတ်စ်ကားလိုင်း စနစ်အတွက် ပြည်လမ်းကို ပဏာမရွေးထားတယ်။ ပြည်လမ်းက နည်းနည်ကျယ်တော့ လမ်းဘေးဝဲယာက ပလက်ဖောင်းတွေ အိမ်တွေ ထိခိုက်မှု မရှိနိုင်ဘူး။ အခြားလမ်းတွေ ဆိုရင်တော့ လမ်းဘေး ပလက်ဖောင်းတွေ၊ အိမ်တွေနဲ့ နီးတော့ ထိခိုက်မှု ရှိနိုင်တယ်။ စဆွဲမယ့် အတွေ့အကြုံပေါ် မူတည်ပြီး နောက်ပိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ခင်က ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လက်ရှိပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်တွင် ခရီးသည်များ လိုက်ပါစီးနင်း လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

အေးချမ်းမွန် .......မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map