<div style='background-color: none transparent;'></div>

Home » » ခရစ္စတီယာနိုရော်နယ်လ်ဒို၏ ဘောလုံးကန်ချက်ကြောင့် အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး လက်ကောက်ဝတ်ကျိုး

ခရစ္စတီယာနိုရော်နယ်လ်ဒို၏ ဘောလုံးကန်ချက်ကြောင့် အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦး လက်ကောက်ဝတ်ကျိုး

ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ဘောလုံးကန်ချက်ကြောင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်ကောက်ဝတ် ကျိုးသွားခဲ့ကြောင်း သိရှိရသည်။ မကြာသေးမီက ရီးယဲလ်မက်ဒရစ် အသင်းသည် ဗြိတိန်သို့ လာရောက်ကာ ဘွန်းမောက်သ် အသင်းနှင့် ခြေစမ်းကစားခဲ့ပြီး (၆-၀)ဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်လ်ဒိုက ပြစ်ဒဏ်ဘောကို အပြင်းလှမ်းကန်ရာ ဂိုးပေါက်နှင့် လွဲချော်သွားပြီး နောက်ဘက် ပွဲကြည့်စင်မှ ကျောင်းသားလေး ချာလီဆဲလ်ဗားဝုဒ်ကို မတော်တဆ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ (၃၅)ပေမျှ အကွာမှ ကန်ချက်မှာ ပြင်းထန်ခဲ့ပြီး ဖခင်ဖြစ်သူ လီဆဲလ်ဗားဝုဒ်နှင့်အတူ ဘောလုံးပွဲ လာကြည့်သော ဘွန်းမောက်သ် ပရိသတ် လူငယ်လေး၏ လက်ကောက်ဝတ်တွင် နှစ်နေရာ ကျိုးသွားသည်။

ဒဏ်ရာမှ နာကျင်နေသော်လည်း ဘောလုံးပွဲ ကြိုက်လွန်းသည့် ချာလီသည် လက်ကျန် (၈၄)မိနစ်စာကို ဆက်ကြည့်ပြီးမှ ဆေးရုံသို့ သွားရောက်ခဲ့သည်။ ဆရာဝန်များက ဒဏ်ရာကို ခွဲစိတ်ကုသပေးခဲ့ရပြီး ပတ်တီးစည်းပေးခဲ့သည်။ ချာလီက မိမိသည် နာကျင်လွန်းသော်လည်း အောင့်အီးသည်းခံကာ ဘောလုံးပွဲကို ဆက်ကြည့်နေခဲ့ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ "တော်တော်နာတာပါ။ ကျွန်တော့် သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တောင် မယုံဘူး။ ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကစားသမားတစ်ယောက်၊ ပြီးတော့ ကျွန်တော့်လက်ကို ချိုးလိုက်တယ်"ဟု ချာလီက ဆိုသည်။

ronaldo

ဒေါဆက်ရှိ ခရစ်ချာ့ခ်ျ အရပ်တွင် နေထိုင်သော ချာလီက "ကျွန်တော့်ဆီ တည့်တည့် ဘောလုံးဝင်လာတာ မြင်လိုက်တယ်။ ဘောလုံးက ဝေ့ပြီး ဂိုးတိုင်ကို ကျော်လာတာ။ ကျွန်တော့် မျက်နှာဆီကို အရှိန်နဲ့ လာနေတော့ လက်နဲ့ ကာလိုက်ပါတယ်။ အဲဒီအချိန်မှာ အဖေက နောက်မှာ ထိုင်နေတယ်။ ဒီတော့ ဘောလုံးရဲ့ အရှိန်က ကျွန်တော့် တစ်ယောက်တည်းကိုပဲ အပြည့်မှန်သွားတာပေါ့"ဟု ရှင်းပြခဲ့သည်။ ဖခင်ဖြစ်သူ လီက "ကိစ္စတိုင်းက ဖြစ်သွားတာ တော်တော်မြန်တယ်။ လွန်ခဲ့တဲ့ (၁)မိနစ်လောက်မှ ရော်နယ်လ်ဒို ဘောလုံးကို တည်နေတာလေ။ နောက်တော့ သူကန်လိုက်တဲ့ ဘောလုံးက ချာလီ့ဆီ တည့်တည့် ရောက်သွားတယ်။ တော်တော်အားပြင်းတဲ့ အရှိန်မျိုးနဲ့ သူ့လက်ကို မှန်သွားတာပါ"ဟု မှတ်ချက်ပြုခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ရော်နယ်လ်ဒိုက (၂)ဂိုး သွင်းယူခဲ့သည်။ ပွဲအပြီးတွင် ရော်နယ်လ်ဒိုနှင့် အသင်းဖော်များက လက်မှတ် ရေးထိုးထားသည့် ရီးယဲလ်အသင်း ဘောလုံးဂျာစီ တစ်ထည်ကို ဘွန်းမောက်သ် အသင်းထံမှတစ်ဆင့် ချာလီ့ထံ ပေးပို့ခဲ့သည်။ ချာလီအနေဖြင့် ၎င်း၏ ကျောင်းပိတ်ရက် သီတင်း(၆)ပတ်တွင် လက်ကိုပတ်တီးစည်းလျှက် အချိန်ကုန်ရမည် ဖြစ်သော်လည်း ကျေနပ်လျှက်ရှိသည်။ ဖခင်ဖြစ်သူကမူ "ဒီပွဲကတော့ ချာလီတစ်သက်လုံး မမေ့လောက်တော့ဘူး"ဟု ဆိုသည်။ ရီးယဲလ်အသင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဟွမ်ကာမီလို အန်ဒရာဒီက "ကျွန်တော်တို့ ချာလီ့အတွက် အမှတ်တရ လက်ဆောင်လေး တစ်ခုခုတော့ ပေးဖြစ်ဖို့ အစီအစဉ် ရှိပါတယ်"ဟု ပြောကြားသွားသည်။

 planet.com.mm
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map