<div style='background-color: none transparent;'></div>

Home » » ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ဟု ဒါရိုက်တာ ဇော်ကိုကို ဆို

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ဟု ဒါရိုက်တာ ဇော်ကိုကို ဆို


ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ဆူးလေ မီးပွိုင့်တွင် ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် ViCee ကြော်ငြာ ရိုက်ကူးရာတွင် ယာဉ်ထိန်း တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မရည်ရွယ်ခဲ့ကြောင်း ဒါရိုက်တာ ဦးဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။

“တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ Movie ကြောင့် အခုလို ထင်စရာတွေ ဖြစ်ကုန် တာပါ၊ ယူနီဖောင်းဝတ် ဆိုပေမယ့် အများပြည်သူရှေ့မှာ ဗီဒီယို ကင်မရာနဲ့ ရိုက်ကူးနေတာဖြစ်လို့ အယောင်ဆောင်လို့ ထင်စရာအကြောင်း မရှိတဲ့ အတွက် အရေးယူလို့ မရဘူး ထင်လို့ပါ၊ ဥပဒေ ရှိတာကို မသိပါဘူး၊ ရိုက်ပြီးရင် ရုပ်ရှင် အစည်းအရုံးကို တင်မယ် သူတို့က ယာဉ်ထိန်းရဲ ပြကွက် ပါတဲ့အတွက် ယာဉ်ထိန်း တာဝန်ရှိသူတွေကို တင်ပြမယ် မသုံးစေချင်ရင် ဆင်ဆာဖျက်မယ် ဒီလောက်ပဲ သိခဲ့တာပါ”ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘဲ ဓမ္မစေတီ မီးပွိုင့်တွင် အမြဲ တက်ကြွ လန်းဆန်း ကာ ပြည်သူ့ဝန်ကို ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲကို ကြည့်၍ စိတ်အားထက်သန်မှုများကြောင့် ယခုကဲ့သို့ ကြော်ငြာရိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝတ်စုံကို ငှားရမ်း ဝတ်၍ ရနိုင်သော်လည်း နိုင်ငံတကာအနေနှင့် ကြည့်လျှင် ကြီးနေ ပွနေပြီး စမတ်မကျမည် စိုးသောကြောင့် မိမိ၏ ကိုယ်အတိုင်းဖြင့် ချုပ်လုပ်ခဲ့ကြောင်း၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်က ViCee ဆေးပြား သောက်ပြီး တက်ကြွ လန်းဆန်းစွာ တာဝန် ထမ်းဆောင်နေစဉ် အဆိုပါ ဆေးပြား သောက်ထားသည့် မော်ဒယ် လေးဦးက ကားလမ်း ဖြတ် ကူးပြီး ယာဉ်ထိန်းရဲနှင့် တစ်သားတည်းဖြစ်ကာ ရွှင်လန်းစွာဖြင့် အတူ ကခုန်ခဲ့သည့် ကြော်ငြာဖြစ်ကြောင်း အဆိုပါ ကြော်ငြာတွင် ယာဉ်ထိန်းရဲ အဖြစ် သရုပ်ဆောင်ခဲ့သူ Life & Dance အကအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ မင်းမင်းထွဏ်းက The Voice သို့ ပြောကြားသည်။

“အဲဒီလို သရုပ်ဆောင်ခဲ့လို့ ကားပေါ်က ခရီးသွား ပြည်သူတွေ က လှောင်ပြောင် စော်ကားခြင်း မရှိခဲ့ပါဘူး၊ ကားကျပ်ချိန်လို မွန်းကျပ်တဲ့ အချိန်တွေမှာ ကျွန်တော်ကို တွေ့လို့ ခဏတာ ပျော်ရွှင်မှု ရခဲ့တာ ကို တွေ့မြင်ခဲ့ပါတယ်၊ မမျှော်လင့်ဘဲ ကျွန်တော်တို့ကြောင့် ဌာနဆိုင်ရာ အကြီးအကဲတွေကို စော်ကားသလို ဖြစ်သွားခဲ့ရင် ကျွန်တော်ကပဲ ဂျာနယ် စာမျက်နှာပေါ်က တောင်းပန်ပါရစေ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက်က ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရားလမ်း မီးပွိုင့်လမ်းဆုံ တွင် အဆိုပါ ကြော်ငြာ ရိုက်ကူးရန် အစမ်း လေ့ကျင့်နေချိန်၌ ခရီးသွား ပြည်သူ တစ်ဦးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးကာ ‘ယာဉ်ထိန်းရဲ၏ ကကွက်ဆန်း’ ခေါင်းစဉ်နှင့်အတူ ယာဉ်ထိန်းရဲ ဝတ်စုံဖြင့် လမ်းလယ်တွင် အကဖြင့် သရုပ်ပျက် ကခုန် လမ်းရှင်း အချက်ပြနေသည့် ဗီဒီယိုဖိုင်ကို အင်တာနက် စာမျက်ပေါ်တွင် ပျံ့နှံ့စေ ခဲ့သဖြင့် ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်း ကျဆင်းအောင် ရည်ရွယ်ကာ ပူးပေါင်း ပြုမူ ဆောင်ရွက်ခဲ့သည့် Mango ကြော်ငြာ ကုမ္ပဏီ၊ ဒါရိုက်တာ ဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွဏ်းကို ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် ( ၆ ) ဒု-တပ်ခွဲမှူး ရဲမှူး သာဌေးက တရားလို ပြုလုပ် တိုင်တန်းမှုကို ကျောက်တံတားရဲစခန်းမှ ( ပ ) ၂၄၄/၁၃၊ ပုဒ်မ-၁၇၁/၅၀၀/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက် များအရ သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map