<div style='background-color: none transparent;'></div>

Home » » အောက်မေ့သတိတရ ဖခင် ဗိုလ်ချုပ်အမှတ်တရ

အောက်မေ့သတိတရ ဖခင် ဗိုလ်ချုပ်အမှတ်တရ

အောက်မေ့သတိတရ ဖခင် ဗိုလ်ချုပ်အမှတ်တရ

ဗိုလ်ချုပ်လုပ်ကြံခံရပြီ။

၁၉၄၇ ခုနှစ်ဇူလိုင် ၁၉ ရက် ရန်ကုန်

လယ်ကွင်း ဝေးဝေးများ မိုးရေများနှင့် ဖွေးဖွေး လှုပ်နေသည့် အချိန်ဖြစ်သည်။ ဗုဒ္ဓဘာသာ သူတော်စင်များ၏ ဒုတိယ ဝါလဖြစ်သည့် ဝါခေါင်လ၏ ရက်တစ်ရက်၊ တိမ်ထူထူ မုတ်သုံ ကောင်းကင်အောက် မုန်တိုင်းဆင်တော့မည့် ၁၉ ရက်နေ့ မနက် အာရုံသည် တက်လာချေပြီ နေရာကား ကိုလိုနီခေတ် နန်းရင်းဝန်ဟောင်း ဂဠုန် ဦးစော ၏ အေဒီလမ်း အမှတ် ၄ နေအိမ် တွင် ဖြစ်သည်။ လူတစ်စုစု ရုံးနေကြသည်။ ထိုအချိန်က ရန်ကုန်မြို့တော်၏ မြောက်ဘက်ခြမ်း လူသူ တိတ်ဆိတ်သော အင်းယားကန်စောင်းပေါ် တွင် တည်ရှိသည့် သစ်ပင်များနှင့် သပ်သပ်ရပ်ရပ် ခြံတစ်ခုဖြစ်သည်။ အနာဂတ် မြန်မာနိုင်ငံ၏ သမိုင်းအား လုံးဝ ပြောင်းလဲပစ်မည့် လျှို့ဝှက် အစီအစဉ် တစ်ခုကို နောက်ဆုံး အသေးစိတ် ညွှန်ကြား ချက်ပေးရန် ဦးစော ကိုယ်တိုင် အိပ်ရာမှ နိုးနေပါပြီ။ ဦးစော၏ ဇနီးဘက်မှ တူတော်သူ ခင်မောင်ရည် သည် အစိမ်းရောင် ဖို့ဒ်ဆန်ထရပ် ကားပေါ် တက်ကာ စတီယာတိုင် ဘီးကို ကိုင်လိုက် သောအခါ ဦးစော တပည့် ကျန်သူများ ကလည်း ကားပေါ် အသီးသီး ခုန်တက်ကြ၏။ မနက် ၈ နာရီခွဲ ၌ သူတို့ခြံထဲမှ စတင်ထွက်ခွာ၏။ ဒုတိယ ကမ္ဘာစစ် အပြီး ရန်ကုန်မြို့၌ အစိမ်းရောင် စစ်ကား များကို တွေ့ရသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။ သို့ အတွက် ရန်ကုန်မြို့လယ်သို့ မောင်းနှင်သွားသော သူတို့ကားကို မည်သူကမျှ သတိမထားမိချေ။ နာရီဝက်ခန့် အကြာတွင် မိုးက တဖွဲဖွဲ၊ ကောင်းကင်က တညိုညို၊ စနေရုံး ပိတ် ရက် ဖြစ်သည့် အားလျော်စွာ လူတကျဲကျဲ ရန်ကုန်မြို့ထဲ တွင်၊ ဝိတိုရိယ ခေတ်ပုံစံ အနီရောင် အုတ်များဖြင့် ဆောက်လုပ် ထားသော နှစ်ထပ် အဆောက်အအုံ ဖြစ်သည့် အတွင်း ဝန်ရုံးအနီး ဒါလဟိုစီ (မဟာ ဗန္ဓုလလမ်း)နှင့် ၄၁ လမ်းထောင့်တွင် ကားကို ထိုးရပ်လိုက်၏။

မောင်နီက ကားထဲတွင် နေကျန်ရစ်ခဲ့ပြီး ခင်မောင်ရင်၊ ဘညွန့်နှင့် မှုံကြီးတို့က အတွင်းဝန် ရုံးထဲသို့ စနည်းနာရန် လမ်းလျှောက် ထွက်ခွာခဲ့ကြသည်။ ဘုရင်ခံ အလုပ် အမှုဆောင် ကောင်စီ အစည်းအဝေးပွဲ ရှိ/ မရှိ သေချာဖို့ သူတို့ အတွက် အရေးကြီးသည်။ သေချာပြီ ဆိုသည့်အခါ ”ပစ်စတင်ကွင်း များ ရရှိပါပြီ” ဆိုသည့် တိုတိုတောင်း တောင်း အချက်ပြ သတင်း စကားကို အဆောက် အအုံထဲမှ သူ့ဆရာထံ တယ်လီ ဖုန်းနှင့် လှမ်း ပြောသူမှာ ခင်မောင်ရင်။

လျှို့ဝှက် အတည်ပြုခြင်းကို ရရှိပြီ။ အေဒီ လမ်း၊ ဦးစောအိမ်မှ ဂျစ်ကား တစ်စင်း ချက်ချင်း ထွက်ခွာလာသည်။ ထိုအချိန်ကား မနက် ၁ဝ နာရီတိတိ။ ယဉ်မောင်းသူက သုခ။ သူ့ဘေးမှာ အသက် ၃ဝ ကျော်အရွယ် အရပ်မြင့်မြင့် မောင်စိုး။ ကားနောက်ခန်း၌ ကင်း ဘတ်စ်အောက် ကောက်ကောက်ကွေးကွေး ပုန်းလိုက်လာ သူတွေ သေ နတ်သမား ၃ ယောက်၊ မောင်စိန်၊ သက်နှင်းနှင့်ရန်ကြီးအောင်။

မောင်စိုး၊ မောင်စိန်နှင့် သက်နှင်း တို့က တော်မီဂမ်း သေနတ်ကိုယ်စီ ကိုင်ထားကြပြီး ဆယ်ကျော်သက် အရွယ် ရန်ကြီးအောင်က ဆီမီး အော်တိုမက် တစ်စတင်း ဂန်းသေနတ် ကို ကိုင်ထားသည်။ အတွင်းဝန် ရုံးမှာစောင့်နေတဲ့ ဘညွန့် အတွက် တော်မီဂန်း သေနတ် တစ်လက်ကို ဂျစ်ကား ကြမ်းပြင်ပေါ်မှာ ချထား၏။ သူတို့ အားလုံး အစိမ်းရောင် စစ်ဝတ်စုံနှင့် တောဆောင်း ဦးထုပ်တွေ ဆောင်းထားကြပြီး ယူနီဖောင်းတွေရဲ့ လက်မောင်းတွေပေါ်မှာ ကမ္ဘာ စစ်တုန်းက ရန်ကုန်မြို့စောင့် အမှတ် ၁၂ တပ်မ ရဲ့ တံဆိပ် အမှတ်အသားတွေ တပ်ဆင်ထားသည်။

ဂျစ်ကားက မြို့လယ်ခေါင်ကို အပြင်းနှင် နေတာနှင့် အမျှ လေကာမှန် ဘယ်ဘက် နံဘေးက အနီ၊ အဖြူ အလံငယ် ၂ ခုကလည်း တဖျပ်ဖျပ် လွင့် နေသည်။ ထိုအချိန် နှင့် တစ်ပြိုင်နက်တည်း နီးပါးတွင် လွတ်လပ်ရေး ခေတ်ကြို ဝန်ကြီးချုပ် ရာထူးနှင့် ညီမျှသည့် ဘုရင်ခံ အလုပ်အမှုဆောင် ကောင်စီ ဒုဥက္ကဋ္ဌ၊ မြန်မာ့ အမျိုးသားရေး လှုပ်ရှား မှုခေါင်းဆောင် အသက် ၃၂ အရွယ် ဗိုလ်ချုပ် အောင်ဆန်းသည် တာဝါလိန်းလမ်း (ဝင်္ကဘာ လမ်း) ရှိ နေအိမ် ခြံဝင်းမှ ထွက်ခွာလာသော ကား ပေါ်တွင် စီးနင်းလိုက်ပါ လာပါသည်။ ဗိုလ်ချုပ်၏ အိမ်ခြံဝင်းကား ရန်ကုန်မြို့ ကန်တော်ကြီးဘေးရှိ ယခုဗိုလ်ချုပ် ပြတိုက်အဖြစ် အများပြည်သူ ကြည့်ရှုရန် ဖွင့်လှစ် ထားသော အဆောက်အဦနှင့် ခြံဝင်းပင်။

ဗိုလ်ချုပ်ကား ထိုနေ့က စစ်ဗိုလ်ချုပ် အဆောင်အယောင်နှင့် မဟုတ် လည်ကတုံး အဖြူ ရောင်၊ ပိုးတိုက်ပုံ အနက်နှင့် ပိုးလုံချည်ရွှေရောင် ကို ဝတ်ဆင်ခဲ့၏။

ဗိုလ်ချုပ်နေထိုင်ရာ တာဝါလိန်း လမ်းသည် ဦးစော နေထိုင်ရာ အေဒီလမ်းထက် အတွင်းဝင် ရုံးသို့ ပိုနီးသည့် အတွက် သူ့ကို လုပ်ကြံမည့် သေနတ် သမားများ မရောက် ခင် ကတည်းက ဗိုလ်ချုပ် က ရောက်နှင့်နေပြီး ဖြစ်သည်။ အခြား ကောင်စီ ဝန်ကြီးများလည်း ပုံမှန်အတိုင်း လွတ် လပ်ရေး ခေတ်ကြို ကက်ဘိနက် အစည်း သို့ ကြွရောက် စုရုံးခဲ့ကြပြီ။ ဗြိတိသျှ အစိုးရနှင့် တွေ့ ဆုံညှိနှိုင်းနိုင်ခဲ့ ပြီးဖြစ်၍ ကိုလိုနီ သြဇာ အောက်မှ နောက် ၆ လအတွင်း မြန်မာနိုင်ငံကား လွတ် မြောက်တော့မည့် အချိန်။

ဘညွန့်ကား သေနတ် မပါသော်လည်း အတွင်းဝန် ရုံးတွင်း၌ သူ့၏ လုပ်ကြံ ရမည့် ပစ် မှတ်တစ်ခုကို သဲကြီးမဲကြီး ရှာဖွေနေလေသည်။ သူ့ ပစ်မှတ်မှာ အခြားသူ မဟုတ် ဗိုလ်ချုပ် ၏ အစ်ကိုကြီး တစ်ဦးကဲ့သို့ အားကိုးရသူ၊ ထိုအချိန် က တိုင်းပြုပြည်ပြု လွှတ်တော်လည်း ခေါ်ဆိုပြီးသည့် အချိန်ဖြစ်သည့် အားလျော်စွာ၊ လွတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်သူသခင်နုပင်။

လေးထောင့်ပုံ သဏ္ဌာန် အတွင်းဝန်ရုံး အဆောက်အဦ၏ အနောက် ဘက်တန်း ပထမဆုံး အခန်းသည် သခင်နု၏ ရုံးခန်းဖြစ်သည်။ ဘညွန့်က ခေါင်းမိုး ကုန်းကုန်း လူသွား စင်္ကြံမှာ လမ်းလျှောက်ရင်း သခင်နု၏ အခန်းတွင်းသို့ တစ်ချက်မျှ စောင်းကြည့်ပြီး၊ သခင်နုကို တွေ့ပါပြီ။ သို့သော် ပို၍ ကျိန်းသေစေရန် အနီးသို့ ကပ် သွား သောအခါတွင်ကား သခင်နု မဟုတ်ချေ။ ဘာသာ တရား ကိုင်းရှိုင်းသော ရာဇပလ္လင် ဖင်ကပ်ပါလာသူ ဟု ပြောကြသည့် သခင်နုနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့သည် ဇူလိုင် ၁၈ ရက် ညဘက်တွင် နောက်ဆုံး တွေ့ဆုံခဲ့ကြသေးသည်။ အကယ်၍သာ ဗိုလ်ချုပ် နှင့်အတူ ကျဆုံးသူ များတွင် သခင်မြသော် လည်းကောင်း၊ ဒီးဒုတ် ဦးဘချိုသော် လည်းကောင်း မပါခဲ့လျှင် သခင်နု ဝန်ကြီးချုပ် မဖြစ်ပေ။

ဘညွန့်ကား သူ့ပစ်မှတ်ကို ထပ်မံ စောင့်ဆိုင်း ရှာဖွေရန် လက်လျော့လိုက်ပြီ။ ကားရှိရာ ပြန်လာပြီး အနီးရှိ လက်ဖက်ရည် ဆိုင်တွင်းသို့ ဝင်ထိုင်လိုက်သည်။ လက်ဖက် ရည် သောက်နေ သော ဘညွန့် ထံသို့ ခင်မောင်ရင် ရောက်လာပြီး ”သူတို့ဆရာထံ သတင်းပို့ပြီးကြောင်း ပြော၏။”

ကံကြမ္မာရမက်ဘီးစတင်လည်ပတ်ပြီ။

ဗိုလ်ချုပ်တို့၏ ကံကြမ္မာ၊ ဦးစော၏ ကံကြမ္မာ၊ မြန်မာနိုင်ငံ၏ ကံကြမ္မာ။

အကယ်၍သာ ဗိုလ်ချုပ်တို့ မကျဆုံးခဲ့လျှင် မြန်မာ့ သမိုင်းသည် များစွာ ကွဲပြား ခြားနားသွားမည်မှာ အမှန်ပင်။ ဒုတိယကမ္ဘာ စစ်ပြီး မြန်မာ နိုင်ငံတော်ကို အခြား အာရှနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် လူနေမှု အဆင့်အတန်း မြင့်မားလှ၏။ ဆန်ရေစပါးပေါများ ကြွယ်ဝ၏။ ရေနံနှင့် မြေအောက် သယံဇာတ တို့လည်း ထိုက်သင့် သလောက် ပေါများ၏။ အာရှတိုက် တစ်ခွင်တွင် ပညာရေး အဆင့်အတန်း အမြင့်မားဆုံး ရန်ကုန် တက္ကသိုလ် တည်ရှိပြီး စာတတ်မြောက် မှုနှုန်းထား အမြင့်မား ဆုံးနိုင်ငံဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် လုပ်ကြံမှုတွင် အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေး ခေါင်းဆောင်များ ကျဆုံးခဲ့ရသည့် အတွက် ယနေ့ မြန် မာနိုင်ငံ တွက် နိုင်ငံရေး စနစ် တစ်ရပ် ခိုင်ခိုင် မာမာ မထူထောင်နိုင်ဘဲ စစ်အုပ်ချုပ်ရေး စနစ် သက်ဆိုးရှည်ခဲ့ပြီ၊ ကမ္ဘာ့အလယ် အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့ရသည်။

နံနက် ၁ဝး၃ဝ တွင်ဘုရင်ခံ အလုပ်အမှုဆောင် ကောင်စီ အစည်းအဝေး စတင်သည်။ အင်္ဂလိပ်အက္ခရာ U စာလုံး၏ ပြောင်းပြန် ပုံစံ စားပွဲ၏ ထိပ်အလယ်တွင် ဗိုလ်ချုပ် အောင်ဆန်း ၊ ဗိုလ်ချုပ်၏ ဘယ်ဘက်တွင် အလုပ် အမှုဆောင် ကောင်စီ အတွင်းရေးမှူး ဦးရွှေဘော်၊ ညာဘက် တွင် ဝန်ကြီး အဖွဲ့၏ ဒုတိယ အတွင်းဝန် ဖြစ်သူ ဦးအုန်းမောင် တို့ ဖြစ်ကြသည်။

ခုံတန်းလျားကြီး၏ ညာဘက်ခြမ်းတွင် ထိုင် နေသူများမှာ ဘဏ္ဍာရေး ဌာနကောင်စီဝင် ဆိုရှယ် လစ်ခေါင်းဆောင် သခင်မြ၊ အမျိုးသား ပညာရေး နှင့် စီမံကိန်းကောင် စီဝင် ဦးရာဇတ်၊ ဗိုလ်ချုပ်၏ အစ်ကို စီးပွားရေးနှင့် ထောက်ပံ့ရေး ဌာနကောင် စီဝင် ဦးဘဝင်း၊ သတင်းစာ ဆရာ၊ ပြန်ကြားရေး ဌာန ကောင်စီဝင် ဒီးဒုတ် ဦးဘချို၊ ကရင် လူမျိုး စုခေါင်းဆောင် အလုပ်သမားရေးရာ ကောင်စီဝင် မန်းဘခိုင်တို့ ဖြစ်ကြသည်။

ဘယ်ဘက်ခြမ်းတွင် ထိုင်နေ သူများမှာ ပြည်သူ့ လုပ်ငန်း ကောင်စီဝင် ဦးဘဂျမ်း၊ လူမှုရေး လုပ်ငန်း များကောင်စီဝင် ဦးအောင်ဇံဝေ၊ ကောက်ပဲသီးနှံ ဌာနကောင်စီဝင် ဟင်္သာတ ဦးမြ၊ နယ်ခြားဒေသ များ ဆိုင်ရာ ကောင်စီဝင် မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း တို့ ဖြစ်ကြသည်။

အစည်းအဝေး စပြီ။ မြောက်ဘက်ရှိ တံခါးပေါက် တစ်ခုမှလွဲ၍ တံခါးအားလုံး ပိတ်လိုက်ကြပြီး အတွင်းမှ ဂျက်များ ထိုးထားကြသည်။ ယင်း တံခါးဝတွင် စစ် စိမ်းရောင် ဘောင်းဘီဝတ် ဆင်ထားပြီး လက်နက် မ ကိုင်ဆောင်ထားသော် မင်းစေသောင်းစိန် တစ်ဦးသာ စောင့်ကြပ်လျက် ရှိသည်။ အခန်း အပြင်ဘက် လူသွားလမ်း တွင် အမှုဆောင် ကောင်စီ လက်ထောက် အတွင်းဝန် ဦးတင်အုန်းသည် မိတ်ဆွေ တစ်ဦးနှင့် စကား ပြောနေ၏။ ထိုအချိန်တွင် လှေကားပေါ်သို့ လက်နက်ကိုင် လူ ၄ ယောက် ပြေးတက်လာသည့် အတွက် ခြေ သံများ၊ သေနတ်မောင်းတင် သံများ၊ အသက်ရှူ သံများနှင့် ဆူညံသွားသည်။ အစည်း အဝေးခန်းထဲသို့ ပထမဆုံးပြေးဝင် သွားသည်မှာ အရပ်မြင့်မြင့်နှင့် မျက်နှာ ရှည်ရှည် မောင်စိုး၊ ဖွင့်ထားသည့် တစ်ခုတည်းသော တံခါးကို စောင့်နေသော မင်းစေမောင်သောင်းစိန် မှာ ကြက်သေသေ ဖြစ် ပြီးနောက် တားဆီးရန် ကြိုးစား ပါသေးသည်။ သို့သော် သူဘာမှ မတတ်နိုင်တော့ပါ။ သေနတ် သမားများက ဝန်ကြီး များဘက်သို့ ချိန်ပြီး ‘မပြေးနဲ့၊ မထနဲ့’ ဟုအော်သည့် အခါ ဗိုလ်ချုပ်အောင် ဆန်းက မတ်တပ် ရပ်လိုက်သည်။ ‘ပစ်၊ ပစ်’ ဟု မောင်စိုးက အမိန့် ပေးသောအခါ သေနတ်သံများ ဆူညံသွားပြီး ဗိုလ်ချုပ်လည်း သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် သွေးအိုင်ထဲတွင် လဲလျောင်း ငြိမ်သက် သွားရှာတော့သည်။

နံနက် ၁၁ နာရီခန့်တွင် ဤရက်စက်သော လုပ်ကြံမှုကြီး၏ သတင်းသည် တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားပြီး ဗိုလ်ချုပ်အောင်ဆန်း ၃၂ နှစ်၊ သခင်မြ ၄၉ နှစ်၊ ဦးရာဇတ် ၄၉ နှစ်၊ ဦးဘဝင်း ၄၆ နှစ်၊ မန်းဘခိုင် ၄၃ နှစ်၊ ဦးအုန်းမောင် ၃၄ နှစ်တို့ ၆ ဦးသည် ပွဲချင်းပြီး သေဆုံးပြီး ဦးဘချို ၅၄ နှစ်သည် နေ့လယ်ပိုင်းတွင် သေဆုံးခဲ့ရပြီး မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ၄ဝ နှစ်သည် ၂ဝ ရက်နေ့ မွန်းတည့်ချိန် တွင် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့သည်။ အစည်းအဝေး ခန်းမတွင်မှ သေနတ် သံများ ကြားရသဖြင့် ပြေး ထွက်လာစဉ် ဆုတ်ခွာနေသော လူသတ်သမား များ၏ ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာ ၄ ချက်ရရှိ သော ကိုထွေးသည် နောက်ရက် အနည်းငယ် အကြာ တွင်မှ ကွယ်လွန်သွားရှာရသည်။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ ယခုအခါ ၆၆ နှစ်မြောက် ရှိလာခဲ့ပါပြီ။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဦးနုက ဤသို့ အသံလွှင့် မိန့်ခွန်း ပြောခဲ့၏။ ‘ဗိုလ်ချုပ်နှင့်အတူ အဖိုးတန် ခေါင်းဆောင်များ ကျွန်ုပ်တို့ ကြားမှ ပျောက်ကွယ်သွား ခဲ့လေပြီ။ သူရဲဘောကြောင် လှသော ရန်သူ၏ သားကောင် ဖြစ်ခဲ့ကြရသည့် ၄င်းတို့ အားလုံး မှာ မြစ်ရေပြင်လွှာ ၌ ဖြစ်ပေါ်လာသော ရေမြှုပ်ပမာ အလား သဏ္ဌာန်တူ လှ၏။ ကျွန်ုပ်တို့ ခံစားရသမျှ ကား ဥပမာအားဖြင့် နှိုင်းယှဉ် တိုင်းတာ၍ မရနိုင် ကောင်းတည့်။’

၁၉၄၇ ခုနှစ် ဇူလိုင်လ အတွင်း ကြမ္မာငင်သည့် ထိုနေ့သည် အမျိုးသားခေါင်းဆောင်တစ် ဦးကျဆုံးခဲ့ရရုံ တင်မက တစ်နိုင်ငံလုံး၏ ရိုးသား မြင့်မြတ်မှုနှင့် လက်တွေ့ အသက်ဝင် လှုပ်ရှားနေ သော ဒီမိုကရေစီ စနစ် အပေါ်တွင် ထားရှိသည့် နိုင်ငံ၏ ဂုဏ်ယူ ဝင့်ကြွားမှုသည် အစိတ်စိတ် အမြွှာမြွှာ ပျက်ပြား ကျန်ရစ်ခဲ့ရလေသည်။

ယခုအခါ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းသော ဒီမိုကရေစီ စနစ်ကျသော သာယာဝပြောသော အနာဂတ် မြန်မာနိုင်ငံတော်ကို ဖခင် ကိုယ်စား ဆက်လက်၍ တည်ထောင်ရန် ကြိုးစားနေသည်။ ပိုမို ပျော်ရွှင်ဖွယ်ကောင်းသော အနာဂတ် နေ့များ သို့ မျှော်မှန်းရင်း….။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map