<div style='background-color: none transparent;'></div>

Home » » မြဝတီမြို့နဲ့ မဲဆောက်မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီး

မြဝတီမြို့နဲ့ မဲဆောက်မှာ မိုးအဆက်မပြတ်ရွာပြီး ရေကြီး


Monday, July 29, 2013

ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့တွေမှာ ရက်သတ္တတစ်ပတ်ကျော်ကြာအောင် မိုးအဆက်မပြတ်ရွာပြီး သောင်ရင်းမြစ်ရေ မြင့်တက်ခဲ့တာကြောင့် မြစ်ကမ်းနားတလျောက်မှာရှိတဲ့ လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ မနေ့ကညပိုင်းမှာ ရေနစ်မြုပ်ပြီး အိမ်ထောင်စု နှစ်ထောင်ကျော် ရေလွတ်ရာတိမ်းရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။

မြစ်ရေမြင့်တက်ခဲ့လို့ မြဝတီဘက်ခြမ်းမှာ ရေဘေးကြုံရတဲ့ အခြေအနေကို မြဝတီမြို့ ခံရေဘေးဒုက္ခသည်က အခုလိုပြောပါတယ်။

"မြဝတီဘက်မှာဆိုရင် အမှတ် (၅) အလယ်တန်းကျောင်း ပိတ်သွားပြီ အမှတ် (၁) အလယ်တန်းကျောင်းပေါ့၊ ကျန်တဲ့မူလတန်းကျောင်း (၅) ကျောင်း (၆) ကျောင်းလောက်က ရေမြုပ်နေတာပေါ့၊ ဒီနေ့ ဘယ်သူမှကျောင်းမသွားတော့ အကုန်လုံးကျောင်းက ပိတ်ထားရတာပေါ့၊ အမှတ် (၁) အပိုင်းမြုပ်တယ်၊ အမှတ်(၂)ဆိုရင် တဝက်လောက် မြုပ်တယ်၊ ကြံခင်းပိုင်းတပိုင်းလုံး မြုပ်တယ်၊ အားလုံးဆိုရင်တော့ (၂) ထောင်လောက်တော့ရှိမယ်ထင်တာပဲ။ အိမ်အလုံးရေပေါင်းပေါ့၊ မနေ့ညကတည်းက သူတို့ ရွှေ့ပြောင်းခိုင်းတယ်ပေါ့၊ နာရေးတို့ နောက်ပြီး လူမှုအဖွဲ့အစည်းတွေ အကုန်လုံးလိုက်ပြောင်းပေးနေတယ်"

အလားတူ ထိုင်းဘက်ခြမ်းက မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေမှာလည်း ရေဝင်နေတဲ့အတွက် မြေနိမ့်ပိုင်းမှာရှိတဲ့ ထိုင်းစာသင်ကျောင်းတွေနဲ့ SAW အထက်တန်းကျောင်းအပါအဝင် မူလတန်း ကျောင်းတော်တော်များများ ပိတ်ထားရပါတယ်။

သောင်ရင်းမြစ်ကမ်းနားလမ်းတလျောက်က မြန်မာရွှေ့ပြောင်းစက်ရုံလုပ်သားတွေ နေထိုင်တဲ့ တန်းလျားတွေမှာလည်း ရေနစ်မြုပ်လို့ ဒီကနေ့ မနက်အစောပိုင်းမှာ ရေလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

မဲဆောက်မြို့ မယ်တော်အရပ်မှာရှိတဲ့ ထိုင်းလို ဝပ်ထဆိုင်ထိုလလေ့လို့ခေါ်တဲ့ အုတ်ဖိုဘုန်းကြီးကျောင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ရေဘေးဒုက္ခသည် တစ်ထောင်နီးပါးကို ကူညီပေးနေတာနဲ့ ပတ်သက်လို့ ဆရာတော် ဦးအိန္ဒာစာရက အခုလိုမိန့်ပါတယ်။

"လူဦးရေကတော့ ကိုးရာ၊ တစ်ထောင်လောက်တော့ရှိပါတယ်၊ စက်ရုံလုပ်သားတွေလည်းပါတယ်၊ ရပ်ကွက်နေပြည်သူတွေလည်းပါတယ်၊ စားစရာသောက်စရာ သူများလာလှူတာတွေလည်း ရှိတယ်လေ၊ ကျောင်းမှာလည်း လိုလေသေးမရှိ အကူအညီပေးနေပါတယ်"

ဒီကနေ့ညနေပိုင်းအထိ ရေပြန်မကျသေးတာကြောင့် ရေဘေးဒုက္ခသည်တွေအတွက် စားစရာလှူမယ်ဆိုရင် အလှူခံပါတယ်လို့လည်း ဦးဇင်းကဆက်မိန့်ပါတယ်။ ရေဘေးဒုက္ခသည် အများစုခိုလှုံနေတဲ့ အုတ်ဖိုဘုန်းကြီးကျောင်းမှာ ထမင်းတစ်နပ်စာအတွက် ဆန်သုံးတင်း ကုန်ကျတယ်လို့လည်း သိရပါတယ်။

RFA

အေးချမ်းမွန်..............မှ

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map