Home »
သတင်း
» ရန်ကုန် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် ဥသြဆွဲမည်
ရန်ကုန် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် ဥသြဆွဲမည်
ရန်ကုန်၊ ဇူလိုင် ၁၈
(၆၆) နှစ်မြောက် အာဇာနည်နေ့ (ဇူလိုင်လ ၁၉ရက်နေ့) နံနက် ၁၀နာရီ ၃၇ မိနစ်၌
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်ရှိ
လမ်းဆုံများတွင် အသံချဲ့စက်များဖြင့် ဥသြဆွဲ အလေးပြုသွားမည်ဖြစ်ကြောင်း
တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင် တစ်ဦးဖြစ်သူ ကိုထွန်းမင်းခန့်က The
Voice သို့ ပြောကြားသည်။
“လူစည်ကားတဲ့ လမ်းဆုံတွေမှာ သက်ဆိုင်ရာ ပါတီတွေ၊ မြို့နယ်ခံ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အလေးပြုသွားမယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ အသံချဲ့စက်များ ဥသြဆွဲ အလေးပြုမည့် အစီအစဉ်ကို သက်ဆိုင်ရာသို့
ခွင့်ပြုချက် ယူထား ခြင်း မရှိသကဲ့သို့ ဥသြဆွဲသံကို ထုတ်လွှင့်ခြင်း မပြုရဟု
သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ထုတ်ပြန် ထားခြင်း မရှိပေ။
အာဇာနည်နေ့ကို ဥသြဆွဲ အလေးပြုခြင်းသည် မိမိနိုင်ငံ၏ အာဇာနည်များ ကို
အောက်မေ့ဂုဏ်ပြုသော အထိမ်းအမှတ်ဖြစ်သောကြောင့် ဥပဒေနှင့် ဆန့်ကျင်
လုပ်ဆောင်ခြင်း မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
အတွင်းရေးမှူး ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။
အာဇာနည်နေ့တွင်
ယခင်ကအတိုင်း မြန်မာ့အသံမှ ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ မရှိကို
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းညွန့်က မေးမြန်း ခဲ့သော်လည်း ပြန်ကြာရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးပိုက်တင်က အစီအစဉ် မရှိကြောင်း ဖြေကြားခဲ့သည်။
(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အပါအဝင် ဆက်စပ် သတင်းနှင့်
မိန့်ခွန်းများကို မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံတို့က
ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ဟိန်းသွင်ထက်
အေးချမ်းမွန်
0 comments:
Post a Comment