<div style='background-color: none transparent;'></div>

Home » » တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲခဲ့သည့် ANA လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲမည်

တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲခဲ့သည့် ANA လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲမည်


တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲခဲ့သည့် All Nippon Airways (ANA) လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ နေ့စဉ်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအပြင် ယခင်က တိုကျို-ရန်ကုန် ခရီးစဉ်အား Business Class သီးသန့် ဖြစ်သည့် ဘိုးရင်း ၇၃၇-၇၀၀ ER လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲနေရာမှ ဘိုးရင်း ၇၆၇-၇၀၀ ER လေယာဉ်များဖြင့် အစားထိုး ပြေးဆွဲသွားမည်ဟု သိရသည်။

''အခုလို နေ့စဉ်ပြေးဆွဲဖို့အတွက် အစကတည်းက စီစဉ်ထားပြီးသားပါ။ အရင်ကတော့ Business Class သီးသန့်နဲ့ ပြေးဆွဲခဲ့ပေမယ့် ခုတော့ ခရီးသည်တွေရဲ့ တောင်းဆိုမှုအရ Economy Class ၁၆၇ ခုံပါဝင်တဲ့ ဘိုးရင်း ၇၆၇-၇၀၀ ER လေယာဉ်တွေနဲ့ အစားထိုး ပြေးဆွဲသွားမှာပါ'' ဟု (ANA) လေကြောင်းလိုင်း၏ ရန်ကုန်အရောင်းရုံးခွဲမှ မန်နေဂျာ မညိုညိုခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ၁၂ နှစ်ခန့် လေကြောင်းပျံသန်းမှု ရပ်နားထားသည့် ဂျပန်နိုင်ငံမှ All Nippon Airways(ANA) လေကြောင်းလိုင်းသည် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့သည်။ All Nippon Airways(ANA) လေကြောင်းလိုင်းသည် တိုကျို-ရန်ကုန် တိုက်ရိုက် ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပြေးဆွဲခဲ့သည်။ All Nippon Airways(ANA) လေကြောင်းလိုင်းသည် ၁၉၉၆ခုနှစ်၊ ဇူလိုင်မှ ၂၀၀၀ ခုနှစ် မတ်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် ရန်ကုန်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်အား ပြေးဆွဲခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အပြီးတွင် မြန်မာနိုင်ငံသို့ လာရောက်၍ လေကြောင်းစီးပွားရေး လုပ်ကိုင်ရန် နိုင်ငံအသီးသီးမှ စိတ်ဝင်စားမှု ရှိနေကြသည်ဟု သိရသည်။

အေးချမ်းမွန်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map