<div style='background-color: none transparent;'></div>

Home » » “ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ”

“ဆီးဂိမ်းဝိုင်ဖိုင် အင်တာနက်ထုတ်လွှင့်ခွင့် ပြည်တွင်းကုမ္ပဏီနှစ်ခု ရရှိ”

ဆီးဂိမ်း၌ သုံးစွဲခွင့်ပေးမည့် ဝိုင်ဖိုင်အင်တာနက်ထုတ်လွှင့်ခွင့်ကိုပြည်တွင်းကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးလိုက်ပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ သိရသည်။
လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီ နှစ်ခုမှာ Red Link နှင့်မြန်မာတယ် လီကွန်းကုမ္ပဏီများဖြစ်ပြီး နေပြည် တော်၊ မန္တလေး၊ ငွေဆောင်နှင့် ပုဂံမြို့လေးမြို့တွင် လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရသည်။
”တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီ တွေထဲက ရွေးချယ်ဆောင်ရွက် သွားတာပါ။ ပြိုင်ပွဲမကျင်းပမီ ပြီးစီး အောင် ဆောင်ရွက်သွားဖို့ မှာကြား ထားပါတယ်”ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးကျော်မျိုးသန်းက ပြောသည်။
Red Link ကုမ္ပဏီသည် မန္တလေးနှင့်ငွေဆောင်တွင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် ပုဂံကို မြန်မာတယ်လီကွန်း ကုမ္ပဏီမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

”ဆက်သွယ်ရေးက သတ်မှတ် ပေးထားတဲ့အချိန်အမီ ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။ လက်ရှိလည်း ဝိုင်ဖိုင်စနစ်နဲ့ပုဂံဘုရားတွေမှာ ထုတ်လွှင့်ပေးနေတဲ့အတွက် အခက်အခဲမရှိနိုင်ပါဘူး”ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
မြန်မာ တယ်လီကွန်းသည် လည်း နေပြည်တော်တွင် ဝိုင်ဖိုင် စနစ်အတွက် ဖိုင်ဘာကေဘယ်လိုင်းများ သွယ်တန်းလျက်ရှိကြောင်း၊ တချို့မှာ ပြီးစီးသည့်အနေအထား ရှိပြီဖြစ်ကြောင်း၊ ကျန်ရှိသည့်အပိုင်းကိုလည်းအချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ငွေဆောင်တွင် ရွက်လှေအားကစား ပြိုင်ပွဲနှင့် ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲ အပါအဝင် ကစားနည်း လေးမျိုးနှင့် နေပြည်တော်တွင် ကျန်ရှိသည့် အားကစားနည်း ၂၂ နည်း ပြိုင်ပွဲများ ကျင်းပ မည်ဖြစ်သည်။ ကျင်းပသည့် ပြိုင်ပွဲတိုင်းတွင် ကြည့်ရှုသူများအား အင်တာနက်သုံးစွဲခွင့် ပေးမည်ဟု အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။
အောင်ဇော်
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map