ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမ ကြီးပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊
ဒဂုံမြို့နယ်ရှိ အ.ထ.က(၁) ဒဂုံ အနီးနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆)
သစ်စက်ဝင်း စသည့် နေရာသုံးခုတွင် ယာဉ်ရပ်နားကွင်း အသစ်များ
တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊
လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်း များသည် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကြောင့် ယခုလို ယာဉ်ရပ်နားကွင်း အသစ်များ ထပ်မံတည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ထိုသို့ ဗိုလ်ချုပ်လမ်းမကြီး ပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊ ဒဂုံမြို့နယ်ရှိ အ.ထ.က (၁) ဒဂုံအနီး ပြုလုပ်မည့် ယာဉ်ရပ်နားကွင်းများမှာ ကိုယ်ပိုင်ယာဉ်နှင့် အခြားယာဉ်များ ရပ်နားနိုင်မည့် ယာဉ်ရပ်နားကွင်း ဖြစ်ပြီး ဗိုလ်တထောင် မြို့နယ်ရှိ အမှတ် (၆) သစ်စက်ဝင်း ယာဉ်ရပ်နားကွင်းမှာမူ ကွန်တိန်နာယာဉ် ရပ်နားကွင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတား ဌာနမှ ဒုတိယ ဌာနမှူး ဦးစည်သူလွင်က “အမှတ် (၆) သစ်စက်ဝင်းကတော့ ကွန်တိန်နာယာဉ်တွေ ရပ်နားနိုင်ပြီး ပိုက်ဆံကောက်မယ်။ အ.ထ.က (၁) ဒဂုံနားကကွင်းနဲ့ သူနာပြု တက္ကသိုလ်ရှေ့ ကွင်းတွေကတော့ ကိုယ်ပိုင်ယာဉ်နဲ့ အခြားယာဉ်တွေ ရပ်နိုင်မယ်။ အဲဒီနေရာ နှစ်ခုက မြေသားကွင်းကြီးပဲ လုပ်မယ်ဆိုရင် ပိုက်ဆံမကောက်ဘူး။ မြေသားကွင်း မလုပ်ဘဲ ကွန်ကရစ် ခင်းတာတွေ လုပ်လို့ အကုန်အကျ ရှိရင်တော့ ရပ်နားခ ကောက်ခံမယ်။ အဲဒီအတွက် လောလောဆယ် ပိုက်ဆံပေးပြီး ရပ်ရမလား၊ အခမဲ့လားဆိုတာ မပြောနိုင်သေးဘူး” ဟု ပြောသည်။
အဆိုပါ နေရာများတွင် ယာဉ်အများအပြား ရပ်နားနိုင်မည်ဟု သိရပြီး မည်သည့် ပမာဏ ရပ်နားနိုင်မည် ကိုမူ မသိရှိသေးကြောင်းနှင့် သူနာပြု တက္ကသိုလ်ဝင်းရှေ့နှင့် အ.ထ.က (၁) ဒဂုံအနီး ယာဉ်ရပ်နားကွင်းများ အတွက် မြေညှိခြင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
eleven media

0 comments:
Post a Comment