<div style='background-color: none transparent;'></div>

Home » »  ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲရန်ညှိနှိုင်း

 ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲရန်ညှိနှိုင်း

မော်လမြိုင် လေဆိပ်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံမော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲရေး အတွက် ပဏာမညှိနှိုင်းမည့် အဖွဲ့ဝင်များသည် စင်းလုံးငှား ဂျက်လေယာဉ်ငယ်ဖြင့် မော်လမြိုင်လေဆိပ်သို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း မွန်ကုန်သည် စက်မှုအသင်း ဥက္ကဋ္ဌထံမှ သတင်းရရှိသည်။
“၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မွန်စက်မှုကုန်သည်အသင်း အမှုဆောင်တွေနဲ့   SKY HUB INTERNATIONAL  CO.,LTD  ဒါရိုက်တာဦးဝင်းထွန်းဦး လာတွေ့ပါတယ်။ ထိုင်းနိုင်ငံ ခွန်ဒေါင်း၊ မဲဆောက်၊ မော်လမြိုင် တိုက်ရိုက်လေကြောင်း၊ ခရီးပြေး ဆွဲနိုင်ဖို့ ပဏာမ လေ့လာညှိနှိုင်းမှုအဖွဲ့ က  စင်းလုံးငှား ဂျက်လေယာဉ်ငယ်နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ လာဖို့ရှိပြီး မွန်ပြည်နယ်က ကျိုက်ထီးရိုးကို အခြေခံပြီး အခြားသွားသင့် သွားထိုက်တဲ့နေရာတွေကို လေ့လာမယ်လို့ ပြောပါတယ်။ မြန်မာတွေ  ဗုဒ္ဓဂါယာ ကို သွားကြသလို ထိုင်းတွေကလည်း ကျိုက်ထီးရိုးကို လာချင်ကြပါတယ် လို့ဆိုပါတယ်။
အသင်းအမှုဆောင်တွေနဲ့ ဆွေးနွေးကြပြီး နေ့လယ်ပိုင်း မှာသက်ဆိုင်တဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီး နဲ့တွေ့ခဲ့ပါတယ်”ဟု ဦးလှရှိန် (ဥက္ကဋ္ဌ -မွန်ကုန်သည်စက်မှု)ကပြောပါသည်။
မဲဆောက်-မော်လမြိုင် တိုက်ရိုက် လေကြောင်းခရီးသည် ဘန်ကောက်၊ ရန်ကုန်၊ ကျိုက်ထီးရိုး ခရီးထက် အချိန်၊ ငွေကြေးကုန်ကျမှု နည်းခြင်းတို့ကြောင့် ထိုင်းဘက်မှ လာရောက်မည့် ခရီးသွားများပြား မည့်နည်းတူ မွန်၊ ကရင်ဒေသခံ တို့မှလည်း မဲဆောက်သို့ သွားရောက်မည့် ရွေ့လျားလုပ်သား ခရီးသည်များ ပြားနိုင်ကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတို့က သုံးသပ်သည်။
လက်ရှိ မော်လမြိုင် လေယာဉ်ကွင်းသည် ဂျပန်ခေတ်အတွင်း တည်ဆောက်ခဲ့ပြီး ၁၉၅၂၊ ၁၉၆၂တို့တွင် ထပ်မံပြုပြင်ခဲ့ပြီး အလျား ၅၄၀၀ ပေ၊အကျယ် ၁၅၀ပေ၊ ပြေးလမ်း အထူ ၁၈ လက်မရှိသည်ဟု သိရှိရပြီး ၂၀၀၅-၂၀၀၆ ခုနှစ်တွင် လေဆိပ်အဆောက်အဦ၊ လေကြောင်း ထိန်းမျှော်စင်တို့ကို ပြုပြင်ခဲ့ကြောင်း သိရှိရပါသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map