<div style='background-color: none transparent;'></div>
Home » » ABSDF ခေါင်းဆောင်ဟောင်းများ၏ (၂၁)ရက်မြောက် မြန်မာခရီးစဉ်အပေါ် အနုပညာရှင်တို့၏ အမြင်နှင့်သုံးသပ်ချက်များ
ABSDF ခေါင်းဆောင်ဟောင်းများ၏ (၂၁)ရက်မြောက် မြန်မာခရီးစဉ်အပေါ် အနုပညာရှင်တို့၏ အမြင်နှင့်သုံးသပ်ချက်များ
လက်ရှိအချိန်ကာလမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက်ပြုလုပ်နေချိန်မှာ Black  List စာရင်းဝင်တွေထဲက လူပေါင်း(၂ဝ၈၂)ဦးကို ပယ်ဖျက် ပေးခဲ့တာလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
 Black  List စာရင်းတွေ ဖျက်ပေးပြီး မကြာခင်မှာပဲ မြန်မာပြည်နဲ့ နှစ်ပေါင်း (၂ဝ) ကျော်မျှ ဝေးကွာနေခဲ့ တဲ့   ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေလို့ ပြောနေကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို စတင် တည်ထောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင်ကိုထွန်းအောင်ကျော်၊ မိုးသီးဇွန် အပါအဝင် အဖွဲ့ဝင်တစ်ချို့ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။
 လုပ်ဆောင်ချက်တွေအပေါ်မှာပဲ ဆုံးဖြတ်မယ့်
ကျော်ထူး(ဟာသ သရုပ်ဆောင်)
ကျွန်တော်လည်း နိုင်ငံရေးအကြောင်းတော့ သိပ်နားမလည်ဘူးဗျ။ ကျွန်တော်အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံအကျိုးပြုဖို့ ဝင်လာတယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးပြုလုပ်ငန်းတွေလုပ်မယ် ကျွန်တော်တို့နိုင်ငံအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ကူညီပေးမယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။
မြန်မာနိုင်ငံအရေးပိုပြီးတော့ အားကောင်းလာနိုင်လားဆိုတော့ အဲဒါက သူတို့ရဲ့လုပ်ဆောင်ချက် အပေါ်မှာပဲ ကျွန်တော်တို့က ဆုံးဖြတ်လို့ရမှာပါခင်ဗျ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ မမြင်ရသေးပဲနဲ့ ကောင်းတယ်လို့ မထောက်ခံချင်ပါဘူး။ သူတို့အပေါ်မှာထားတဲ့ယုံကြည်ချက်က စောနကပြောသလိုပါပဲ လုပ်ဆောင်ချက်နဲ့ ပြောတဲ့စကားနဲ့ တကယ့်လက်တွေ့လုပ်တာနဲ့ ကွာဟချက်ရှိလားမရှိလား ကွက်တိဖြစ်လားမဖြစ်လား မသိသေးတဲ့အတွက်ကြောင့် ပြောပြလို့မရဘူး ဖြစ်နေတယ်။
ပြည်သူတွေကိုကြည့်ပါလို့ ပြောတဲ့
မင်းထင်ကိုကိုကြီး (ရုပ်ရှင်ဒါရိုက်တာ)
ဒီကိစ္စတွေက အရမ်းကြီးကို ရှုပ်ထွေးနေသေးတာဆိုတော့ သူတို့ဘာလုပ်နိုင်တယ်တို့ ဘာတို့ သူတို့ပြောနေတာတို့ ဘာတို့တော့ရှိတာပေါ့။ အဲဒီဟာတွေကိုလဲ လုပ်နိုင် မလုပ်နိုင် ပြည်သူအများစု လိုအပ်နေတာတွေကို တကယ် ဂတိပြုလုပ်ပေးနိုင်ဖို့လိုတယ်။
အဲဒီ့အတွက်တော့ အခုချိန်မှာ ကျွန်တော်အနေနဲ့ စောင့်ပဲ စောင့်ကြည့်နေချင်သေးတယ်။ ပြောဖို့က နဲနဲလေးစောနေ သေးတယ်လို့ ထင်တယ်။ သူတို့ရောက်လာကြတာလည်း ရက်ပိုင်းပဲရှိသေးတယ်။ တစ်ပတ်တောင် မပြည့်သေး ဘူးလေ။ အခုဟာက တစ်ကယ့်ကို စောင့်ကြည့်ရမယ့် အချိန်လေ။ မျက်စိထဲမှာမြင်တာတော့ ပြည်သူလူထုနဲ့ တော်တော်ကြီးကို ကင်းကွာနေတော့ ပြည်သူတွေ ဘာလိုအပ်တယ်ဆိုတာကို မသိသလိုပဲလေ။ သူတို့နေမှာက သုံးပတ်လို့ ပြောတယ်လေ။ အဲဒီ့အတွင်းမှာ ဘာတွေဖြစ်မယ် ဆိုတာကို ပြောရတာ အရမ်းခက်သေးတယ်။
 မိုးသီးဇွန်ကို စောင့်ကြည့်မယ့်
လူမင်း (ရုပ်ရှင်သရုပ်ဆောင်)
ကျွန်တော်တို့က သူတို့အကြောင်းလည်း ဘာမှမသိခဲ့ဘူး။ အခုလိုချက်ချင်းကြီး ရောက်လာတာ ကျွန်တော်တို့က သွားပြီးကြိုဆိုရမှာလား မသိ။ ကျွန်တော်တို့က သူတို့အကြောင်းကို သိဖို့လိုပါတယ်။ ကိုမင်းကိုနိုင်တို့ကြတော့ ပြည်သူတွေအတွက် တကယ်အနှစ်နာခံပြီး ကျွန်တော်တို့ရှေ့မှာပဲ ထောင်ထဲကို ဝင်လိုက်ထွက် လိုက်နေတဲ့သူတွေလေ။ အခု ကိုမိုးသီးဇွန်တို့ကြတော့ သူတို့ဟိုမှာ ဘာတွေလုပ်ခဲ့တယ် အခုဘာတွေဆက်လုပ်မယ်ဆိုတာကို ကျွန်တော်တို့ပြည်သူတွေက သေချာစောင့်ကြည့်ရမယ်။
 သူတို့ ဘယ်သူတွေနဲ့ပေါင်းမှာလဲ သိဖို့လိုတယ်ဆိုတဲ့
ဆရာမောင်ဝံသ (သတင်းစာဆရာ)
သမ္မတကြီးက ပြန်ခေါ်တယ်ဆိုတော့ ကောင်းပါတယ်။ သူတို့ဟိုမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ရ မယ်။ သူတို့က အစိုးရနဲ့ ပူးပေါင်းမှာလား ပါတီတွေနဲ့ ပူးပေါင်း မှာလားဆိုတာ သိဖို့လိုတယ်။ နိုင်ငံတော်တိုးတက်ဖို့ရာ အတွက်ဆိုရင်တော့ ကောင်းပါတယ်။ ဒီမှာက ကိုမင်းကိုနိုင်တို့ကြတော့ ပြည်သူတွေအတွက် တကယ်အနှစ်နာခံပြီး တကယ်လုပ်တာလေ။ သူတို့ကြတော့ ဟိုမှာဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့က စောင့်ကြည့်ရမယ်။
(ဖြေကြားပေးသူများအား ကျေးဇူးတင်ရှိပါသည်)
ကျော်ဇင်မန်း+ငြိမ်းချမ်း(မြစ်မခ)
 Myitmakha Media Group
Share this article :
0 comments:
Post a Comment
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map