<div style='background-color: none transparent;'></div>

Home » » အနုပညာ လမ်းကြောင်းပေါ်မှာ ဝတ်မှုံ ရွှေရည် ဆိုတဲ့ နာမည်နဲ့ ရပ်တည်မှု အကြောင်း

အနုပညာ လမ်းကြောင်းပေါ်မှာ ဝတ်မှုံ ရွှေရည် ဆိုတဲ့ နာမည်နဲ့ ရပ်တည်မှု အကြောင်း


တချို့သော အနုပညာ ရှင်တွေက သူတို့ရဲ့ နာမည်အရင်းနဲ့ အနုပညာ အလုပ်တွေ ကို လုပ်ကိုင်ကြသလို တချို့ အနုပညာရှင်တွေကလည်း အနုပညာ နာမည်တစ်ခုနဲ့ ပြောင်းလဲ လုပ်ကိုင်ကြတာ တွေ့ရပါတယ်။ အနုပညာ လောကမှာ နာမည်တစ်ခုရပြီး အောင်မြင်ဖို့ဆိုတာက လွယ်ကူတာ မဟုတ်သလို ရရှိပြီးသား နာမည်ကိုလည်း ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး။
လက်ရှိ အနုပညာလောကထဲမှာ နာမည်ရရှိပြီးသား ဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာဆိုရင် သူ့ရဲ့ နာမည်အရင်းဖြစ်တဲ့ ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့သာ အနုပညာအလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ အောင်မြင်မှုရရှိပြီး ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်နဲ့အတူ သူ့ကို ပရိသတ်တွေ တွဲသိကြတာကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ အိမ်နာမည်ဖြစ်တဲ့ ကစ်ကစ်ဆိုတဲ့ နာမည်လေးပဲ ဖြစ်ပါတယ်။
စကားပြောတိုင်းမှာ သူ့ကိုယ်သူ "ကစ်ကလေ၊ ကစ်ကလေ" ဆိုပြီး ချစ်စဖွယ် ပြောလေ့ရှိတဲ့ ဝတ်မှုံရွှေရည်ကို သူ့ရဲ့နာမည်နဲ့ ရပ်တည်မှု အကြောင်းလေးတွေနဲ့အတူ သူ့ကို ချစ်စနိုး ခေါ်လေ့ရှိတဲ့ နာမည်လေးတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
"ဝတ်မှုံရွှေရည်ဆိုတဲ့ နာမည်လေးက ဘွားဘွားနဲ့ အမေ ပေးထားတဲ့ နာမည်လေးပါ။ လူကြီးတွေကလည်း ဒီနာမည်ကို ကြိုက်တယ်။ ကစ်ကလည်း အနုပညာနာမည် သတ်သတ် မလုပ်ချင်တာနဲ့ ဒီနာမည်အတိုင်းပဲ အနုပညာအလုပ်ကို လုပ်ဖြစ်တာပါ။ ဝတ်မှုံရွှေရည်နဲ့ လုပ်တော့ ပရိသတ်လည်း သိသွားတယ်လေ။ ဒါကြောင့် ဒီနာမည်နဲ့ပဲ ဆက်လုပ်ဖြစ်တာ။ ကစ်ကစ်ဆိုတာကတော့ အိမ်နာမည်ပါ။ ကစ်ကစ်ဆိုတဲ့ နာမည်ကိုတော့ လူနဲ့ တွဲမိမှာ မဟုတ်ဘူး။ နာမည်နဲ့ လူနဲ့ သတ်သတ်စီ ဖြစ်နေတာ။ ငယ်ငယ်တုန်းကတော့ ဝဝလုံးလုံးလေးမို့လို့ ချစ်စနိုးနဲ့ ပေးထားတဲ့ နာမည်။ ကြီးလာတော့လည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေကအစ ကစ်ကစ်လို့ပဲ ခေါ်ကြတယ်။ အမျိုးတွေရောပေါ့။ ကစ်အင်တာဗျူးဖြေရင်လည်း ကစ်ကလေ၊ ကစ်ကလေလို့ ဖြေရင်းနဲ့ အပြင်ပရိသတ်တွေကလည်း လိုက်ခေါ်ကြတယ်။ နယ်သွားရင်လည်း ကစ်ကစ်လို့ ခေါ်ကြတယ်။ တချို့ကျတော့ မှုံမှုံလို့ ခေါ်တယ်။ မအူဝဲ (အိန္ဒြာကျော်ဇင်) ဆို ရွှေမှုံလို့ ခေါ်တယ်။ ကိုခန့် (ခန့်စည်သူ) ကျတော့ မှုံကြီးလို့ ခေါ်တယ်။ အမျိုးမျိုး ခေါ်ကြတယ်။ နာမည်တစ်လုံး ရဖို့ဆိုတာလည်း တကယ် ကြိုးစားခဲ့ရတယ်။ လူရော၊ စိတ်ရော၊ အချိန်တွေရော အကုန်လုံး ပေးဆပ်ခဲ့ရတယ်။ ဘေးကပြောတဲ့ ဒဏ်တွေကို ခံပြီးမှ ဒီနာမည်တစ်လုံး ရတာပါ။ ရလာတဲ့ နာမည်တစ်လုံးကို ထိန်းသိမ်းဖို့ဆိုတာလည်း မလွယ်ဘူး။ ဒီနာမည်တစ်လုံးကို ကစ်ကတော့ ဂုဏ်သိက္ခာနဲ့ပဲ ထိန်းသိမ်းပါတယ်။ မင်းသမီးတစ်ယောက် အနေနဲ့ ဂုဏ်သိက္ခာရှိရှိ နေပြီး ကစ်ရဲ့နာမည်ကို ထိန်းသိမ်းထားပါတယ်။
popular news journal
Share this article :

2 comments:

ချစ်စံအိမ် said...

မှုံကြီးလို့ လမင်းကိုလူတစ်ယောက်ခေါ်ဖူးတယ်..
ဘာမှမမြင်လို့ တဲ့:P

Unknown said...

ဝတ်မှုံအကြောင်းလေး ဖတ်သွားပါတယ်ဗျာ...:-)

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map