<div style='background-color: none transparent;'></div>

Home » » မီဒီယာ ပြဿနာများ ပြေလည် စေရမည်ဟု နိုင်ငံတော် သမ္မတကြီး ပြောကြား

မီဒီယာ ပြဿနာများ ပြေလည် စေရမည်ဟု နိုင်ငံတော် သမ္မတကြီး ပြောကြား


ယခု လက်ရှိ ဖြစ်ပေါ်လျက် ရှိသော ပြည်တွင်း ဂျာနယ်များအား တရား စွဲဆိုခြင်း၊ ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားခြင်း စသည့် ကိစ္စရပ်များ မကြာမီ ပြေလည် သွား မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံရေး ပါတီ(၁၄)ခုမှ ခေါင်းဆောင်များနှင့် ယနေ့ တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ၏ လယ်တော ရိပ်သာ ရှင်းလင်းဆောင် ၌ နိုင်ငံရေး ပါတီ ၁၄ပါတီ တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်က ဂျာနယ်များအပေါ် တရားစွဲဆိုခြင်း၊ ပိတ်သိမ်းခြင်းသည် နိုင်ငံတည်ဆောက်ရေး အတွက် လက်တွေ့ မဆန်သောကြောင့် ပြန်လည် စဉ်းစား ပေးစေလိုကြောင်း ဆွေးနွေးရာ နိုင်ငံတော် သမ္မတကြီးက ယင်းသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

ယနေ့ နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သော ပါတီများမှာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ကွန်ဂရက် ပါတီ၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီ၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ခေတ်သစ် ပြည်သူ့ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေး ပါတီနှင့် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်ကြသည်။ စတုတ္ထမဏ္ဍိုင်တွေ အခြေခံ ဥပဒေဘောင် အတွင်းက လွတ်လပ်ခွင့်တွေ ရှိသလို တာဝန်ယူမှု၊ တာဝန်ရှိမှုလည်း ရှိရမှာပေါ့။ ဘာလုပ်လုပ် တည်ငြိမ်မှုကို မထိခိုက်စေဘဲ ဆောင်ရွက်ဖို့ လိုတာပေါ့။ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်အောင် ဆောင်ရွက်ဖို့ပေါ့။ ဟန်ချက်ညီညီ ဖြစ်လာရင် မီဒီယာကိစ္စ ပြေလည်သွားမယ်လို့” နိုင်ငံတော်သမ္မတကြီးကပြောကြား သွားကြောင်း ဦးသိန်းညွန့်ကပြောသည်။
ယခုလက်ရှိတွင် ပြည်တွင်း ထုတ်ဂျာနယ် နှစ်စောင်ဖြစ်သော The Voice Weekly နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဥပဒေညွန်ကြားချက် ၄၄ ချိုးဖောက်သည်ဟု ဆိုကာ ယာယီ ထုတ်ဝေခွင့် ရပ်ဆိုင်းထားပြီး၊ The Voice Weekly ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့သည် ၀န်ကြီးဌာန အချို့နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရတို့က တရားစွဲဆို ထားမှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အဆိုပါ ဂျာနယ်များ အပေါ် တရားစွဲဆိုခြင်းနှင့် ဂျာနယ် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းများအတွက် သတင်း လွတ်လပ်ခွင့် ကော်မတီ (ယာယီ) ၏ လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို သြဂုတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေရာ ခြောက်နေရာ ခွဲ၍ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား များပါ လာရောက် အားပေးခဲ့ကြသည်။
"ဒီဂျာနယ် တွေ ထုတ်ဝေခွင့် မရမချင်းကို တစ်ဆင့်ချင်း တစ်ဆင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မန္တလေး မှာ မနက်ဖြန်မှာလုပ်ဖို့ စီစဉ်ထားပါတယ်" ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)မှ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။ မန္တလေးမြို့တွင် ယင်းလက်မှတ်ရေးထိုး လှုပ်ရှားမှုကိုသြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားပြီး ပွဲများပြုလုပ် ခဲ့ကြသည်။
the voice weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map