<div style='background-color: none transparent;'></div>

Home » » အဂတိ လိုက်စားမှု အောက်ခြေ အဆင့် တွင် နေရာတိုင်း ရှိနေကြောင်း သမ္မတပြော

အဂတိ လိုက်စားမှု အောက်ခြေ အဆင့် တွင် နေရာတိုင်း ရှိနေကြောင်း သမ္မတပြော


အဂတိ လိုက်စားမှုသည် အောက်ခြေ အဆင့်ဆင့်၌ နေရာတိုင်း လိုလို ရှိနေသေး သည့် အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွားကြရ မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သြဂုတ်လ ၁၄ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

သြဂုတ်လ ၁၃ ရက်က ကျင်းပသော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတွင် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတက လာဘ်ပေးလာဘ်ယူမှုသည် ပေးသူရော ယူသူပါ အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ်ဖြစ်သည့်အပြင် အစိုးရ၏ ဂုဏ်သိက္ခာပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေးအရေးယူခြင်းများဖြင့် တားဆီးသွားကြရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ Three Frinds ဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကိုကိုလေးက "ရုံးတွေ ၀င်မယ်ဆိုရင် ဂိတ်စောင့်ကစပြီး ငွေပေးမှရတယ်။ မပေးရင် မျိုးစုံစစ်ဆေးပြီး ရစ်ကြတယ်"ဟုပြောသည်။ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့တက်လာပြီးနောက် စီမံကိန်းများ ချထားပေးမှုအချို့၌တွင် ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များ မရရှိကြဘဲ ယခင်အစိုးရလက်ထက်က ရရှိသူများသာ ထပ်မံရရှိနေကြောင်း မူဆယ်ဒေသခံများကပြောသည်။ "မူဆယ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ဒေသခံလုပ်ငန်းရှင်တွေ လျှောက်ကြတယ်၊ မရဘူး။ အရင်အစိုးရလက်ထက်က ရတဲ့လူတွေပဲ ရသွားကြတယ်"ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါ်လစီချမှတ်ခြင်းနှင့် အုပ်ချုပ်မှုရေးရာ ကျွမ်းကျင်သူ ဒေါက်တာစိုးထွန်းက "နံပါတ်တစ်အနေနဲ့ဆိုရင် ကျင့်သုံးတဲ့မူဝါဒနဲ့ ကြိုးနီစနစ်တွေကို ပပျောက်အောင် ပြုလုပ်ရမယ်။ ကြိုးနီစနစ် ရှိနေလို့ အဂတိလိုက်စားမှုပေါ်လာတာ။ အလည်အပတ်နဲ့ အောက်ခြေအဆင့်မှာတော့ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ မလိုအပ်တဲ့အဆင့်တွေ ရှိနေခြင်းဟာ အချိန်ကြန့်ကြာမှုဖြစ်စေတယ်။ အဲဒီ့ ကြန့်ကြာမှုကို မူတည်ပြီးတော့ အဂတိလိုက်စားကြတာ"ဟုဆိုသည်။ ထို့အပြင် အဆင့်မြင့်ဝန်ထမ်းများက လုပ်ငန်းများ ချထားပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လိုပြီး၊ အများပြည်သူအား အသိပေးလုပ်ဆောင်ပါက အဂတိလိုက်စားမှု လျော့နည်းနိုင်ကြောင်း ဒေါက်တာစိုးထွန်းက အကြံပြုသည်။
7days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map