<div style='background-color: none transparent;'></div>

Home » » ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်ကအိတ်စ်တူးအို မဏ္ဍပ် ဗုံးကွဲမှုဖြင့် သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် လွတ်ပြီ

ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်ကအိတ်စ်တူးအို မဏ္ဍပ် ဗုံးကွဲမှုဖြင့် သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် လွတ်ပြီ


၂၀၁၀ ခုနှစ် သင်္ကြန် အိတ်စ်တူးအို မဏ္ဍပ်ဗုံးကွဲမှုဖြင့် စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က ပုဒ်မ ၄၀၁ ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း ဇနီးဖြစ်သူ မဋ္ဌေးဋ္ဌေးက YPI သို့အတည်ပြုပြောဆိုသည်။
“ဒီနေ့ နေ့လည် ၁၂ နာရီကျော်ကပါ၊ ကိုဖြိုးဝေအောင်ကတော့ အင်းစိန်ဆေးရုံမှာပါ။ သူ့ကို ကျန်းမာရေးကြောင့် အခုလိုလွှတ်လိုက်တယ်လို့ ယူဆပါတယ်” ဟု မဋ္ဌေးဋ္ဌေး ကပြောသည်။ ၎င်းအားအခြားအဆင်ပြေသည့် ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်းလည်း ဇနီးဖြစ်သူက ပြောသည်။ ကိုဖြိုးဝေအောင်မှာ ကင်ဆာရောဂါ ခံစားနေရသည်ဟုလည်း သိရှိရသည်။
အကျဉ်းကျခံနေရစဉ် ကာလအတွင်း မကြာမီလပိုင်းအတွင်းက ကိုဖြိုးဝေအောင် ကျန်းမာရေး အခြေအနေဆိုးရွားလာသဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသမှု ခံယူနေစဉ် ယခုလို လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ကိုဖြိုးဝေအောင်ကို ၂၀၁၀ ခုနှစ် သင်္ကြန်ကာလအတွင်း ကန်တော်ကြီးစောင်းရှိ အိတ်စ်တူးအို မဏ္ဍပ် ဗုံးကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီးကာ ယခုနှစ် မေလ၌ သေဒဏ်ချမှတ်ခဲ့သည်။
ယင်းဗုံးကွဲမှုကို ကိုဖြိုးဝေအောင် အမှန်တကယ်ကျူးလွန်ကြောင်း ခိုင်လုံသည့် အထောက်အထား မတင်ပြနိုင်သော်လည်း တရားရုံးမှ သေဒဏ်ချမှတ်ခဲ့သဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ၎င်းအားလွှတ်ပေးရန် တောက်လျှောက်တောင်းဆို လျှက်ရှိသည်။
ယခင်သီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာက ရန်ကုန်မြို့ အင်းစိန်ဆေးရုံတွင် ကိုဖြိုးဝေအောင်အား သွားရောက် တွေ့ဆုံခဲ့သည်။ ။
 Yangon Press International,
Share this article :

2 comments:

စံပယ်ချို said...

လွတ်မြောက်ခွင့်ရလာတာပဲဝမ်းသာမိပါတယ်

မိုးသူ(တောင်ကြီး) said...

အကယ်၍သူမဟုတ်ပဲ သေဒဏ်ခံရရင် အများကြီးသူ့ အတွက်ထိခိုက်နစ်နာစေတာပေါ့

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map