ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ညနေပိုင်းက မြေးအဘိုးနှစ် ဦး အရက်အတူသောက်ရာ စကားများထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှရသည်။
ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က တော်ဝင်လမ်း အိမ်အမှတ် ၅၆ တွင် နေထိုင်သည့် မြေအဘိုးနှစ်ဦး အရက်အတူသောက်သုံးရာမှ စကားများရန်ဖြစ်ကာ အဘွား၏ဒုတိယခင်ပွန်းတော်သူ အဘိုးဖြစ် သူ အသက် ၄၆ နှစ်အရွယ်ရှိ ဦးတင်မြင့်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က The Voice Weekly သို့ပြောကြားသည်။
အသက် ၂၄ နှစ်အရွယ်ရှိ မြေးဖြစ်သူ ဦးသီဟမြတ်မှာ ၎င်းအဘွား၏ ဒုတိယခင်ပွန်းသေဆုံးသူ ဦးတင်မြင့်နှင့် ရန်ငြိုးရှိ၍မဟုတ်ဘဲ ထိုးကြိတ်မိရာမှ လက်လွန်သွားခြင်းဖြစ်သည်ဟု ယူဆရပြီး အခင်းဖြစ်ပွားချိန် တွင် ၎င်းတို့နှစ်ဦးသာ နေအိမ်တွင်ရှိကြောင်း ဦးကိုကိုနိုင်ကပြောဆိုသည်။
ရပ်ကွက်ကသိသည့်အချိန်မှာ ည ၉ နာရီကျော်မှဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့များနှင့် သွားရောက် ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ လဲလျောင်းလျက်ပုံသဏ္ဍန်မပျက်ရှိသော်လည်း မျက်နှာနှင့် ပါးစပ်ဝန်းကျင် တွင် ညိုမည်းဒဏ်ရာရနေသည်ကိုတွေ့ရကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ဘောဂရပ်ကွက်၌ နေထိုင်သည့် ဦး ညွှန့်ဝင်းက ၎င်းတွေ့မြင်ခဲ့ရပုံကို ရှင်းပြသည်။
လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူ ဦးသီဟမြတ်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဘုရင့်နောင်ဈေးအနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အသိပေးချက်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ယင်းအမှုကို ကြည့်မြင်တိုင်ရဲတပ်ဖွဲ့စခန်းက ပ-၅၂၇/၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
အမှုနှင့်ပတ်သက်၍ The Voice Weekly က ကြည့်မြင်တိုင်မြို့နယ်ရဲ့ တပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
The Voice Weekly
0 comments:
Post a Comment